Wednesday, November 19, 2008

နောက်ဆုံးရ စက်ရပ် သတင်းတိုများ

ဘောနပ်စ်တွေ ဘာလုပ်မလဲ

စင်ကာပူ နိုဝင်ဘာ ၁၉ ။

ယခုလို ဘောနပ်စ် ရာသီ ကျရောက်လာပြီ ဖြစ်သည့်အခါ လစာငွေများ အပြင်
ဘောနပ်စ်များ စို့ စို့ ပို့ ပို့  ရထားသည့် မခင်ဦးမေ ဆိုသည့်  ကြည့်ကောင်းသော
အစ်မကြီး ခမျာ အနှီ ငွေများကို ယူအိုဘီ ဘဏ် တွင် အပ်ထားရမလား ၊
အိုစီဘီစီ ဘဏ်မှာပဲ စာရင်းသေ ထားရမှာလား ၊ ဒါမှမဟုတ် တစ်ချို့ တစ်ဝက် ကို
သူကြီး၏ ကုမ္ပဏီ တွင် ပဲ ရင်းနှီးမြုပ်နှံ ထားရမလား ဆိုတာကို ဝေခွဲရ ခက်နေကြောင်း
အတွင်းလူ တစ်ချို့ ဆီမှ အခိုင်အမာ သိရှိရပါတယ် ။

( စီအန်အန်)

ဖုန်းကတ်တွေ ဟောသလို ပေးပစ်နေပြီ

စင်ကာပူ နိုဝင်ဘာ ၁၉ ။

ပန်နီဆူးလား အခြေစိုက် သတင်းထောက် တစ်ဦး၏ အဆိုအရ လုပ်ငန်းရှင် အစ်ကိုကြီး
ရာဇာကျော်သည် သားကလေး ရက် ၁၀၀ ပြည့် အမှတ်တရ အဖြစ် စနေ နေ့ တွင်
ဆိုင်ကို ပထမဆုံး လာသူ လူ ၁၀ ဦးအား ဖုန်းကတ်များ အလကား ပေးပစ်မည် ဖြစ်ကြောင်း
ချယ်နယ် နယူးအေးရှား မှ တစ်ဆင့် သိရပါသည် ။ အတည်မပြုနိုင်သော သတင်းများအရ
သားကလေး အတွက်ရော ၊ ချစ်ဇနီး အတွက်ပါ ငွေကြေးဖြင့် ချိန်စက်လို့ မရသည့် 
လက်ဆောင် ကိုလည်း ယင်း လုပ်ငန်းရှင် အစ်ကိုကြီး က ၀ယ်ယူထားပြီး ဖြစ်ကြောင်း
ကြားသိရပါသည် ။ ယင်းလက်ဆောင်မှာ ဘရူးဘရူးကြီး ဖြစ်နိုင်ကြောင်း သုံးသပ်သူ
များက ကောက်ချက် ချပါတယ် ။

( စီအန်အေ)

အန်ဒီ ယာနာဂျုံးစ် ရဲ့  အနာဂတ်

ဆစ်ဒနီ နိုဝင်ဘာ ၁၉ ။

အန်ဒီ ယာနာဂျုံးစ် နှင့် အူဝဲဆိုသော မိန်းကလေး ၊ အန်ဒီ ယာနာဂျုံးစ် နှင့် လွမ်းနေဦးမည်
ဝတ်မှုန် ရွှေရည် ၊ အန်ဒီ ယာနာဂျုံးစ် နှင့် ရင်မှာဆွတ်ပျံ့  သီရိရှင်းသန့်  ဆိုသည့်
ဇာတ်ကားများ နှင့် မကြာမီ ကျော်ကြားလာတော့မည့် သြော်ဇီ မှ မင်းသားချော ကို အန်ဒီ
၏ အတွင်းလူ တစ်ချို့ က မင်းသားအနေဖြင့် ယခုလို သားတစ်ယောက် ၊ သမီးတစ်ယောက်
ကို လက်ဝယ်ပိုင်ပိုင် ရထားပြီး သကာလ နောက်ထပ် ကလေး ယူဦးမှာ မဟုတ်ကြောင်း ၊
ဇနီးချောကြီး ကိုပင် ချစ်လို့  မ၀သေးကြောင်း ကို စီအန်ဘီစီ သို့  သတင်းပေးပို့ လာပါတယ် ။
မင်းသားချော အနေဖြင့် မိန်းကလေး ပရိသတ် အခိုင်အမာ ရရှိထားပြီးသည့်တိုင် သူ၏၀ါသနာ
မှာ စာဖတ်ခြင်းပင် ဖြစ်ကြောင်းကိုလည်း ထပ်လောင်း ပြောကြား သွားပါတယ် ။

(စီအန်ဘီစီ)

ကြို စဉ်းစားချေ မသက်ဝေ

စင်ကာပူ နိုဝင်ဘာ ၁၉ ။

နာမည်ကြီး ဘလော့ဂ်ဂါ တစ်ယောက်ဖြစ်သည့်  မမသက်ဝေ ဆိုသည့် လှထိပ်ခေါင် အလှ
ဘုရင်မကြီး ကလည်း သူကြီးအပေါ် အကြွေးတင်နေသည့် နေ့ လည်စာကို မည်သို့ မည်ပုံ
ဖြေရှင်းရမည်နည်းဟု စဉ်းစားရင်း အကြံအိုက်နေကြောင်း သိရှိရပါတယ် ။ သူကြီးဆိုသည့်
ကောင်လေးကို ဖြစ်သလို Riz Carlton မှာပဲ ဘူဖေးကျွေးရမလား ၊ အင်းလေးမှာပဲ ဆီချက်
ကျွေးရမလား ၊ ဒါမှမဟုတ် ဒင်းကို Hokkien Mee ၃ ကျပ်တန် နဲ့ ပက်စီ ကိုလာ ရေခဲများများ
နဲ့ ပဲ လျှော်လိုက်ရမလား ဆိုတာကို ဝေခွဲမရ ဒွိဟ ဖြစ်နေကြောင်း ရိုက်တာ သတင်းတစ်ရပ်
မှ ဆိုပါတယ် ။

(အမ်အန်အေ-ရိုက်တာ)

ရင်ခုန် လှိုက်မော ကိုကိုစော

စင်ကာပူ နိုဝင်ဘာ ၁၉ ။

ဇနီးချောချော ကလေး ယူပြီး သမီးချောချောလေး မွေးထားသည့် ဂျွန်စောအလား
ထင်ယောင်မှားသည့် ကိုကိုစော ဆိုသည့် ရုပ်ရည်သန့် အင်ဂျင်နီယာ ကြီး ခမျာလည်း
မိသားစု ကို လွမ်းဆွတ်လျက် ရှိကြောင်း အသိုင်းအ၀ိုင်း တစ်ချို့ က ဆိုပါတယ် ။
ထို လွမ်းဆွတ်စိတ် ကို ဖြေဖျောက်ရန် အလုပ်အပေါ်မှာပဲ အထူးအာရုံ စိုက်ထားရကြောင်း
သတင်းသဲ့သဲ့ ရရှိပါတယ် ။

( အေပီ )

ဓာတ်ပုံဆရာ မခေပါ

စင်ကာပူ နိုဝင်ဘာ ၁၉ ။

စင်ကာပူရ ၏ အထင်ကရ ဓာတ်ပုံပညာရှင် ကိုဘုန်း ခေါ် သန့် ဇင်အောင် ဆိုသူ ကလည်း
သူ လျှို့ ဝှက် ရိုက်ကူးထားသည့် မင်းသားချော ကိုစည်သူ ၏ ၀တ်လစ်စလစ် အလှပုံများကို
ကာလာနှင့် တစ်ဖုံ ၊ အဖြူအမည်း တစ်နည်း ခြယ်မှုန်းပြီး နာမည်ကြီး မဂ္ဂဇင်းကြီး ဖြစ်သည့်
ကုတ္ထိယ အကြိုက် ပလေးဂဲလ် မဂ္ဂဇင်း သို့  ဒေါ်လာ တစ်သန်းဖြင့် ရောင်းချလိုက်ပြီ ဟု
သတင်းရရှိပါသည် ။ ရရှိလာသည့် အထဲမှ ဒေါ်လာ ၅ သိန်းကို ကင်ဆာ ဖောင်ဒေးရှင်း
သို့  လှူဒါန်းမည် ဟုလည်း ထပ်မံ သိရှိရပါသည် ။

( စီအန်အေ)

အနေမရိုးတဲ့ ဝေဖြိုး

ရန်ကုန် နိုဝင်ဘာ ၂၁ ။

ခေါင်းကြီး ဝေဖြိုး ဦးစီးသော အလှ အေဂျင်စီ မှ မိုးလေကင်းလွတ် သီတင်းကျွတ် ၊ မြိုင်မြိုင်
ဆိုင်ဆိုင် လတန်ဆောင်တိုင် တို့ မှ အစပြုကြသည့် အာဝါဟ ၀ိဝါဟ ကြမည့် မောင်နှံများ
အတွက် ခါတော်မှီ အလှဖန်တီးရှင် ၂ ဦးဖြစ်သည့်  မိတ်ကပ် မှောင်မှောင် ( ဗြောင်လှီး )
နှင့် မိတ်ကပ် မကြီးဆော် ( ခင်ဆော်ဝင်း) တို့ ကို မွေးထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း
ပေါ်ပြူလိမ် ဂျာနယ်သို့  သတင်းပေးပို့ လာပါသည် ။ သဟာသည် စီးပွားရေး အကွက်အကွင်း
ဖြစ်ပြီး မင်္ဂလာ မောင်မယ်များ ကလည်း ဈေးဆစ်အားမှာ မဟုတ်ချေ ဟု ကျိန်းသေတွက်ကာ
ဈေးကွက် လိုအပ်ချက်ကို ဖြည့်တင်းလိုက်ကြောင်း ကိုလည်း ၄င်းက ထပ်မံ ပြောကြား
သွားပါတယ် ။

(ပေါ်ပြူလိမ်)

မပန်လေလား ထင်ယောင်မှား

စင်ကာပူ နိုဝင်ဘာ ၂၀ ။

မပန် ဟု အမည်နာမ ပိုင်သသည့် မပန်ဒိုရာ ဆိုသည့် ယဉ်စစ အပျိုကြီး မမ ကလည်း လာမဲ့ နာတာလူးပွဲတော်တွင် ဘော်ဒါ ဘလော့ဂ်ဂါ များကို STARBUCK COFFEE နှင့် မုန့် တစ်ခုစီ
အားပါးတစ်ရ ကျွေးမွေးမည် ဖြစ်ကြောင်း သတင်းစာကြီး တစ်စောင်မှ တစ်ဆင့်
သိရှိရပါသည် ။ ဟုတ်မဟုတ် ကိုတော့ ကာယကံရှင် ကိုသာ မေးစေလိုပါတယ် ။
( Ref: The Straits Times )

Monday, November 17, 2008

ယနေ့ သတင်းများ

တစ်ရာလုံး ရိုက်သော်လည်း ကျင်းမ၀င်

ရန်ကုန် နိုဝင်ဘာ ၁၅ ။

အိုးနင်းခွက်နင်း Holdings မှ ဥက္ကဌ ဖြစ်သူ ဦးရှည်ရှည် သည် ရန်ကုန်မြို့  ဟံသာဝတီ
ဂေါက်ကွင်း တွင် ကစားဖော်များ ဖြစ်ကြသော ဦးမိုးကြီး(MD ၊ ကျီးနှင့်ဖုတ်ဖုတ် ကုမ္ပဏီ) ၊
ဦးမောင်မဲ ( အယ်ဒီတာချုပ် ၊ တုတ်တစ်ပြက် ဂျာနယ် နှင့် ဓားတစ်ပြက် မဂ္ဂဇင်း ) ၊
ကိုကိုချို ( CEO ၊ မောင်ချို နှင့် မယားများ လီမိတက် ) ၊ ကိုသူကြီး (သမ္မတ နှင့်
အမှုဆောင် အရာရှိချုပ် ၊ ရွှေဓားမ ကုမ္ပဏီ ) ၊ ကိုကိုရွှေ (အကြီးတန်း အကြံပေး ၊
ပဋာမြေလူး အေဂျင်စီ) ၊ ကိုတရုတ်ကြီး ( Co-Founder ၊ ဗရုတ်သုက္ခ ပုံနှိပ်တိုက်) တို့ နှင့်
ဂေါက်သီးရိုက် အတူကစားစဉ် ယနေ့ သတင်းစာ များမှာ ဖော်ပြသလို မည်သူက
မည်သည့်တုတ်နှင့် ရိုက်လိုက်ရာ တစ်ချက်တည်း ကျင်းဝင် ဟု ဖြစ်ရမည့် အစား အလုံးတစ်ရာ
ရိုက်သော်လည်း တစ်လုံးတစ်ပါဒမျှ ကျင်းမ၀င် သောကြောင့် ကစားဖော်များ ၏ အော်ဟစ်ဆူပူ
မောင်းမဲ ကြိမ်းမောင်း ပြစ်တင် ရှုံ့ ချ ဆဲဆို ငြိုငြင် ခြင်းကို ခံခဲ့ရကြောင်း သတင်းရရှိပါသည် ။
(သတင်းစဉ်)

စာရေးဆရာ ဘာလဲ ဘယ်လဲ
စင်ကာပူ နိုဝင်ဘာ ၁၆ ။

စင်ကာပူ ပါဆားရစ်စ် အရပ်တွင် အခြေချ နေထိုင်ပြီး စာကောင်းပေမွန်များ ကိုသာ အစဉ်
တစ်စိုက် ရေးသားလျက်ရှိသည့် အမျိုးသားစာပေဆုရ စာရေးဆရာကြီးသည် မကြာမီ
ဒီဇင်ဘာ ၁၉ တွင် ကျရောက်တော့မည့် ချစ်ဇနီးကြီး၏ မွေးနေ့ အမှီ Surprise လုပ်ရန်
အတွက် ရွှေနှလုံးသား ရတနာဆိုင်မှ စိန်လက်စွပ် တစ်ကွင်း မှာယူထားကြောင်း သတင်း
ရရှိပါသည် ။ လေ့လာသူများ၏ အဆိုအရ ထိုလက်စွပ်ကို ဇနီးကြီးအား မပေးဖြစ်ပါက
ကြာရှ်ဝါရာညို ဆိုသူလေးကများ ကံစပ်သွားလေမလား ၊ ဘီပါကြာ ညိုစူး ဆိုသူ လေးပဲ
ရသွားလေမလား ဟု သံသယ ရှိနေကြကြောင်း သတင်းတစ်ချို့ ဆီမှ ကြားသိရပါသည် ။

(ရိုက်တာ)

ငွေကြိတ်စုတဲ့ ပန်းချီကျော်

စင်ကာပူ နိုဝင်ဘာ ၁၆ ။

ဆမ်ဘာဝမ် တွင် အိမ်ဝယ်ကာ ပရိသတ်ကြိုက် ပန်းချီများ ရေးဆွဲပြီး နာမည် အတော်အတန်
ရနေသည့် ပန်းချီပညာရှင် က သူ၏ မင်္ဂလာ သက်တမ်း ၃ နှစ် အမှတ်တရ အဖြစ် ဇနီးချော
မမမိုး ကြိုက်ရာသုံးစေရန် စင်ကာပူ ဒေါ်လာ တစ်သောင်း ကြိတ်စုဆောင်းလျက် ရှိကြောင်း
အင်တာနက် သတင်းများမှ သိရပါသည် ။

(အင်တာနက်)


မောင်မဲ ရှောင်လွဲဖို့ ခက်ပြီ

မြန်မာပြည်ရှိ အနုပညာ ရပ်ဝန်းမှ အနုပညာသည် များ နှင့် လုံးလားထွေးလား နေခဲ့သော
မောင်မဲ ဆိုသည့် ခပ်ဖြောင့်ဖြောင့် အစ်ကိုကြီးသည် စင်ကာပူရ သို့  ပြန်သွားပြီး
ကတည်းက ပြန်မလာတော့သောကြောင့် ၄င်း အနေဖြင့် ရန်ကုန်မှာ အခြေချ မှာလား ၊
စင်ကာပူမှာ အခြေချမှာလား ဆိုသည့် အချက်ကို အနုပညာ ရပ်ဝန်းမှ မိန်းမချောလေးများက
ငြင်းခုံကြ လျက်ရှိကြောင်း သိရှိရပါတယ် ။ သုတေသီပညာရှင် ဆရာဒေါက်တာ မြင်းခေါင်း
၏ အဆိုအရ ထို အရာသည် မကြာမီ မိန်းမချောလေးများ အတွင်း တုတ်တစ်ပြက်
ဓားတစ်ပြက် အသွင် ကူးပြောင်းသွားနိုင်မည်ဟု ထင်ရကြောင်း သတင်းရရှိပါသည် ။

(အေပီ)

အချဉ်ရည် ကျဲ၏ မကျဲ၏

ရန်ကုန် နိုဝင်ဘာ ၁၇ ။

ရန်ကုန်မြို့  လသာမြို့ နယ် ၁၉ လမ်း ထိပ်တွင် ညနေတိုင်း ရောင်းနေကျ ဖြစ်သည့်
ဝက်သားတုတ်ထိုးသည် ကြီးက သူဖော်စပ်သည့်  အချဉ်ရည် နှင့် ပတ်သက်ပြီး
အချဉ်ရည် ကျဲ၏ မကျဲ၏ ဆိုသော စာအုပ်လုံးချင်း ထုတ်ဝေရန် စီစဉ်နေပြီ ဖြစ်ကြောင်း
သတင်းထောက် တစ်ဦးမှ ဆိုပါတယ် ။ ထိုစာမူဟာ ပိန်ခြောက်ခြောက် ရုပ်ရှင်မင်းသား
ဟစ်ဟော့ပ် အဆိုကျော် နှင့် ဘယ့်နှာမှ မပတ်သက်ကြောင်း ၁၉ လမ်း ဈေးသည်
အသိုင်းအ၀ိုင်းမှ ဆိုပါတယ် ။

(ကြေးမုံ)