Friday, January 23, 2009

အာမော ညာမပြောဘူး

အာမော ဆိုတာကတော့ စင်ကာပူရ မှာ အဖြူကောင်တွေ ကို ခေါ်တာပါ ။
အမေရိကန် တို့ ၊ ဗြိတိသျှ တို့ ၊ အက်စပန်ညော် တို့ စသည် စသည်ပေါ့ လဗျာ ။
တခြား ဥရောပတိုက်သားတွေ အားလုံး နီးနီး ဆိုပါတော့ ။ သူ့ ဘာသူ ဘယ်လိုပဲ
ခေါ်ခေါ် ကိုယ့်အလုပ်လည်း မဟုတ်ပါဘူး ။ စိတ်လဲ မ၀င်စားပါဘူး ။ အဲ… ဒါပေမဲ့
တခုတော့ ရှိတယ်ဗျ ။ အာမော တွေ ဆီက ထုတ်လုပ်တဲ့ မော်တော်ကားတွေကို
တော့ စိတ်ကူုးယဉ်မိသား ။ တရုတ်ကြီး ဟိုတပတ်က ပြန်လာတော့ ခုတဲ့ ၊ စင်ကာပူ
မှာ တဲ့ ၊ ဘီအမ်ဒဗလျူ 7 SERIES ဆိုလားပဲ… အဲဒီကားမှာ sensor ပေါင်း အခု
၂၀ ကျော် ပါတယ် ဆိုလားပဲတဲ့ ။ ဟိုလေ ဆိုပါစို့ ၊ ဘရိတ်ရှူး ပါးနေပြီဆိုရင် သူ့ အလိုလို
ဂျာမနီ ကို လှမ်းပြီး ကြိုအကြောင်းကြား တာတဲ့ ။ အဲလိုပဲ တခြား အစိတ်အပိုင်း က
လဲဖို့ ပြင်ဖို့ လိုနေတာ ရှိရင်လည်း ကြိုပြီး အော်တိုမက်တစ် ကြိုပွိုင့် လှမ်းမှာ ပေးထား
တာတဲ့ ။ ၀ါလားဝေ ။ ဒါကြောင့်လည်း ကျေးဇူးကြီးပါပေတယ် အဒေါ့ဖ် ဟစ်တလာ ။

ဟော ကြည့် …. ဘယ်လ်ဂျီယမ်ကား ဗော်လ်ဗိုလ် ဆိုရင်လည်း ကားထဲမှာ ဆစ်ဂနယ်
ပါပြီး ကားရှေ့ မီတာ ၂၀ ၊ ၅၀ ၊ ၁၀၀ လောက်က moving objects တွေကို အဲဒီ
ဆစ်ဂနယ် က တစ်ဆင့် ယာဉ်မောင်းကို အချက်ပေးနေ မှာတဲ့ ။ အန္တရာယ် ဖြစ်လောက်
တယ် ထင်ရင် ကားကို အော်တို ဘရိတ်အုပ်ပေးတယ် ဆိုပဲ ။ ဗော်လ်ဗိုလ် ရဲ့ ရည်ရွယ်ချက်
ကိုက ဗော်လ်ဗိုလ် ကား စီးနင်းလိုက်ပါသူ အားလုံး အထိအခိုက် မရှိစေရ ဆိုပဲ ။
ထားပါတော့ လေ ။

ဟော ပြီးတော့ အမေရိကန် ကား ချက်ဗရိုးလက် ဗမာအခေါ် ချက်ပလက် မာလီဘူး
ကား ဆိုရင်လည်း ကားပိုင်ရှင်က Alarm ပေးထားလို့ ရတယ် ဆိုပဲ ။ ဥပမာ ကိုယ်က
မနက် ၆နာရီ သွားစရာ ရှိရင် ကားက မနက် ၅ နာရီခွဲ ထဲက သူ့ ဘာသာ စက်နှိုး ၊
အင်ဂျင် ပူအောင်လုပ်ထား ပေးပြီး ဆိုပဲ ။ ပိုင်ရှင် ကားပေါ် တက်လာတော့မှ သူ့ ဆစ်ဂနယ်
ကတစ်ဆင့် ဘာလိုတယ် ၊ညာလိုတယ် ဆိုတာ ကြည့်ပြီး လိုက်ဖြည့်ရုံပဲတဲ့ ။

ဒါတွေဟာ သူများတွေ ပြောပြတာကို ပြန်ဖောက်သည်ချတာနော် ။ ကြည့် ကျုပ်တို့ ဆီက
ဂျပန်ကားတွေနဲ့ များ ကွာချက် ။ ဗမာပြည်မှာများ ခု 86/ 87မော်ဒယ်လ် စူပါဆလွန်းတောင်
သိန်း ၂၀၀ ကျော် ရှိနေသေးတယ် ။ ဒါတောင် ကားဈေးကျသွားလို့ ။

ဟွန်း… ဒါကြောင့် အာမော တွေ ဈေးကွက်ရှိပါတယ်လို့ ။ ကားတွေကို ထားပါလေ ။
ရုပ်ရှင် မင်းသမီးတွေ ချင်းတောင် ယှဉ်နိုင်လို့ လား ။ Eva Mendes တို့ ၊ Jessica Biel
တို့ ကို ဘယ်သူယှဉ်နိုင်လဲ ။ သရုပ်ဆောင်တာ ပြောပါတယ် ။

ဒါကြောင့်လဲ ဟောလိဝုဒ် အချစ်ကားတွေ သိပ်ကြည့်တဲ့ ကိုရွှေ က
အာမော ညာမပြောဘူး လို့ ပြောတာ ။ ဟီးဟီး ။

Wednesday, January 21, 2009

မယ်ရွေးပွဲ

ယခုတလော မြန်မာပြည် မှာ ဘယ် ကုမ္ပဏီ ၏ ပံ့ပိုးမှုဖြင့် အဘယ် မယ်ရွေးပွဲ ၊
ဘာ လီမိတက်၏ စပွန်ဆာဖြင့် အလှမယ် ရွေးချယ်ပွဲ များ မအားလပ်အောင်
လုပ်နေကြသည်မှာ လွန်စွာ့ လွန်စွာ ကျေနပ်အားရ စဖွယ် ဖြစ်ပါချေသည် ။
ထိုသို့  အလျှိုအလျှို မယ်ပြိုင်ပွဲများ ကျင်းပသည့် အလျောက် ၀င်ရောက် ယှဉ်ပြိုင်
ကြရှာသည့် မိန်းမချောလေးများ မှာလည်း ဆောင်းတွင်းဘက်တွင် ၄ ပေ မီးချောင်း
ပေါ် ပလူအုံသလိုပင် ရိုက်သတ်လို့  ကုန်နိုင်ပေတည်း ။ ကောင်းသည် ၊ သိပ်ကောင်း
သည် ။ သူကြီး နှင့် သူ့ လူများ ၊ အရှည်ကြီး နှင့် ဓမ္မမိတ်ဆွေ သူတော်စင်ပုရိဿ များ
အနေနှင့်ကတော့ အို…. လိမ္မာလိုက်တာ သမီးရယ် ၊ တော်လိုက်တာ သမီးရယ်
ဟူသော ချီးကျူးစကား မှ အပ တခြား ဆိုဖွယ်ရာ မရှိပါ ။

အနို့ သော် ခက်နေသည်က မောင်ရှည်ကြီး တို့ သည် သူများ ကုမ္ပဏီ ၏ ပွဲများ
ကိုသာ သွားရောက်အားပေး ကြည့်ရှုရသည်မှာ သိပ်မနိပ်လှ ပါပေ ။ ကိုယ်တိုင်
ကုမ္ပဏီ ရှိလျက် နှင့်မှ သူများဟာ သွားကြည့်ရတော့ အောက်တာတော့ အမှန်ပဲ ။
ထို့ ကြောင့် ဒီဘက်မှာ ကျွမ်းကျင်လိမ္မာလှစွာသော တရုတ်ကြီး၏ အားပေးမှုဖြင့်
မကြာမီမှာ မစ်စ် အိုးနင်းခွက်နင်း ဆိုတဲ့ မယ်တကာ့မယ် ပြိုင်ပွဲ ကြီးကို ဥက္ကဌ ဖြစ်သူ
ဦးရှည်ရှည် ကိုယ်တိုင် ကြီးမှုးပြီး ကျင်းပတော့မှာ ဖြစ်ပါကြောင်း ပရိသတ်ကို
အသိပေးအပ်ပါတယ် ။ ဒိုင်လူကြီး များ အနေနဲ့  ကတော့ တရုတ်ကြီးရယ် ၊
မောင်ရှည် ရယ် ၊ ကျွန်တော် သူကြီး နဲ့  ဝေဖြိုး တို့ ပဲ ဖြစ်ပါ တယ် ။ ဒီပြိုင်ပွဲ
ဖြစ်မြောက် အောင်မြင်သွားရင် နောင် မကြာမီ အနာဂတ် မှာလည်း မောင်ရှည်နဲ့ 
ရောင်းရင်းများ ရဲ့  မစ်စ် ကျီးနှင့်ဖုတ်ဖုတ် ၊ မစ်စ် ရွှေဓားမ ၊ မစ်စ် ပဋာမြေလူး ၊
မစ်စ် ဗရုတ်သုက္ခ အစရှိတဲ့ ပြိုင်ပွဲ တွေလည်း ဖြစ်ပေါ်လာမှာ ဖြစ်ပါကြောင်း ။

သိပ္ပံဘွဲ့ ရ သူကြီးရဲ့ ဒဿန များ

၁ ) ဓာတ်ဆီ မခိုးထားသော ကားဘော်ဒီရုံ ဟူလို့ မရှိချေ ။
၂ ) အလျော်မတောင်းတတ်သော တက်စီ အုံနာ လည်း မရှိချေ ။
၃ ) ကားတိုက်မှုဖြစ်လျှင် ပျော်ရွှင် သူမှာ လက်ပြပုလိပ်များသာ ဖြစ်ချေသည် ။
၎ ) မိန်းမသည် လျှပ်စစ်ပစ္စည်း နှင့်တူသည် ။ ၀ယ်ပြီးသည်နှင့် ဈေးထိုးကျသွားတတ်
သောကြောင့် ဖြစ်သည် ။
၅ ) မိန်းမချောလေးများ ဟူသည် အကောင်းစားအရက်ပုလင်း များနှင့် တူလှသည် ။
ဝယ်မသောက်နိုင်တာမဟုတ် ၊ ၀ယ်မသောက်သင့်ဟု ယူဆခံထားရသောကြောင့်
ပါပေ ။ အနို့ သော် သူများကို ဧည့်ခံရမည် ဆိုက လွန်စွာ မျက်နှာပန်း လှချေ ၏ ။
၆ ) အချစ်နှင့် အနင်းအနှိပ်ခံခြင်းကို သီးခြားစီ ခွဲထားသင့်သည် ။
၇ ) အောင်မြင်လိုသူတိုင်း အိပ်ရေး၀၀ တော့ အိပ်ရမည် ဟူ၍ ကြားဖူးသည် ။

Monday, January 12, 2009

နွေလည် အိပ်မက်

ကျွန်ုပ် သည် လွန်စွာမှ နာမည်ရသော အောင်မြင် ကျော်ကြားလှချေသည့်
ဂီတအနုပညာရှင် တစ်ဦးဖြစ်ပါသည် ။ ဂီတ သက်တမ်း ငါးနှစ် အတွင်းမှာ
အတွဲခွေ သုံးဆယ်ငါးခွေ ၊ စုပေါင်းစပ်ပေါင်း ကိုးဆယ့်နှစ်ခွေ ၊ ပြန်ဆိုတေး
လေးဆယ့်သုံးခွေ ၊ ချစ်သူစုံတွဲတေး ဆယ်ခွေ ၊ ကိုယ်ပိုင် မာစတာခွေ နှစ်ခွေ
တိတိ တို့ ဖြင့် ပရိသတ်ကို ဖမ်းစားနိုင်လှစွာသော သူ ဖြစ်ပါသည် ။ အနို့ အပြင်
တစ်ဝ ကျွန်ုပ်မပါလျှင် မပြီးသည့် ဘာပွဲ ညာပွဲ များကလည်း အပုံအပင် ပါပေ ။
ကျွန်ုပ် သည် ယောက်ျားကြီး တန်မဲ့ ဖြစ်လင့်ကစား ဘာအလှကုန် ရှိုးပွဲ ၊
ညာ မိတ်ကပ် မိတ်ဆက်ပွဲ များသို့ မအားလပ်လှသည့် ကြားထဲမှ တက်ရောက်သည့်
လု လည်း ဖြစ်ချေရာ ကျွန်ုပ်ကို မသိသူ မရှိတော့ချေ ။ အင်္ကျီ ဘောင်းဘီ ကြေငြာ
များ ၊ ဆေးကြေငြာများ စသည်ကိုလည်း ၀က်ဝက်ကွဲ လက်ခံ ရိုက်ကူးပေးသည်
ကြောင့် တောရောမြို့ ပါ မကျန် အုံးအုံးထ ကျွန်ုပ်မှ ကျွန်ုပ် ဖြစ်နေချေ ပါ တော့ ၏ ။

တစ်နေ့ သားမှာ အင်တာဗျူး လာလုပ်သည့် စာနယ်ဇင်း သမား တစ်ဦး နှင့် တွေ့ ဆုံ
မေးမြန်းမှု လုပ်ခဲ့ပါ သည် ။ အဲ…. နောက်ဆုံး မေးခွန်းမှာ ပရိသတ်ကြီးကို ၂၀၀၉ ခုနှစ်
အတွက် ဘာများ မှာချင်ပါလည်းဟု မေးချေရာ ကျွန်ုပ်ကလည်း စိတ်ထဲရှိသည့် အတိုင်း
၂၀၀၉ ခုနှစ်မှာ ပရိသတ်တွေ အနေနဲ့  ၂၀၀၈ ကလိုပဲ ပိုက်ဆံကိုသာ ကြုံးရှာချချေပါ ဟု
အားရစဖွယ် ဖြေဆိုလိုက်ချေရာ ယင်းစာနယ်ဇင်း ဆရာ သည် မခံမရပ်နိုင်သည်ထင့် ၊
ကျွန်ုပ်အား ဖနောင့်နှင့် ပိတ်ကန် လိုက်ချေရာ ကျွန်ုပ်လဲ အသံနက်ကြီး ဖြင့် တအား
ကြုံးအော်လိုက်မိရာ ဘေးမှ ဇနီးချောကြီးက ဘာဖြစ်တာလဲ ဟု မေးခါမှ နေ့ လည်ဘက်
ထမင်းစားပြီး တရေးအိပ်ပျော် သွားခြင်း ဖြစ်ကြောင်း သိလိုက်ရပါတော့သည် ။

တဘက်လူက တစ်တောင်လောက်ရှိတယ်

ဒါရိုက်တာ မောင်မျိုးလင်း (ရေတွင်းနစ်)

ဇာတ်လမ်းအရ

အဓိက သရုပ်ဆောင် ဖြစ်သူ မောင်နေ သည် လွန်စွာမှ မွဲတေ နုံချာ ဆင်းရဲလှ
စွာသော စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ငတ်တလှည့် ပြတ်တလှည့် ဖြစ်နေသည့်
တက်သစ်စ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်ချေသည် ။ အနို့ သော်လည်း ယောက်ျားတို့ 
ဇွဲ သေခါမှ လျှော့မည်ဟု အားခဲထားသည်နှင့် အညီ ရသမျှ လုပ်ငန်း လုပ်ကွက်များကို ရှာဖွေပြီး
လုပ် ကိုင်လျက် ရှိပါချေသည် ။ တစ်နေ့ သော အခါမှာတော့ အငြိမ့်ပွဲ သွင်းရန်
အဆက်အသွယ် ရရှိပြီးသကာလ လွန်စွာမှ လူကြိုက်များသည့် ဇာတ်ပွဲ တစ်ခုကို တင်သွင်းခွင့်
ကန်ထရိုက် ရခဲ့ကာ ထိုပွဲမှာ ငွေစကြေးစ အတော်လေး အိုကေခဲ့ပါတော့သည် ။

သို့ သော် ထိုပွဲသွင်းပြီးသည့် နေ့ မှ စကာ အနှီ ပွဲကန်ထရိုက်ကြီး ညည တော်တော်နှင့်
အိပ်မပျော်တော့ချေ ။ အကြောင်းမှာ တစ်သက်မှာ တစ်ခါ ဆိုသလို အဘယ်မိန်းမချော
လေးကိုမှ မချစ်ဖူးသည့် အချစ်စိတ်ဖြင့် အငြိမ့်မင်းသမီးလေး ကို ချစ်ခင်စုံမက် စွဲလန်း
နှစ်သက် နေမိပါတော့သည် ။ သူ့ ခမျာ စားလည်း ဒီစိတ် သွားလည်း ဒီစိတ် ဖြစ်နေရာ
ငွေဝင်လမ်း ဖြောင့်ကာမှ ယခင်က အ၀စားမည်ဟု ကြံရွယ်ထားသော ဘဲကင် ကိုတောင်မှ
ဟက်ဟက်ပက်ပက် မစားနိုင်တော့ချေ ။

နောက်ဆုံး မနေနိုင်တော့သဖြင့် သူငယ်ချင်း တစ်ချို့ ၏ ကျပ်ပေးချက်အရ အငြိမ့် မင်းသမီး
လေး နှင့် ချိန်းပြီး ကန်တော်ကြီးမှာ မုန့် သွားစားရန် ဖုန်းဆက်ချေပါတော့သည် ။ သို့ သော်
လည်း မင်းသမီးလေးက ဒီလိုဟာမျိုး အကြိမ် တစ်သောင်းခန့် ကြုံဖူးသည် ဆိုတော့ကာ
ပျင်းတောင်ပျင်းသေး ။ ကိုနေ ရယ် သမီး ရေမချိုးရ သေးလို့ ပါ ဆိုပြီး အလိမ္မာ သုံးကာ
ငြင်းပယ်လိုက်ပါတော့သည် ။ ထိုသို့ ဖြင့် မောင်နေ လည်း မေ့မေ့ပျောက်ပျောက် ဖြစ်အောင်
အလုပ်တွေ ဖိလုပ်ပြီး နေရပါတော့သည် ။

သို့ သော်လည်း တစ်နေ့ သော အခါမှာ ထိုအငြိမ့် မင်းသမီးလေးကို သူဌေး တစ်ဦး နှင့်
စိမ်းလန်း စိုပြည် မှာ ယှဉ်တွဲ တွေ့ ရသည့်အခါ မအောင့်နိုင်တော့ပဲ ရေချိုးပြီးပြီလား ဟု
မေးလိုက်ပါသည် ။ မင်းသမီးလေးက ဘာမှမပြောပဲ ပြုံးပြ နှုတ်ဆက်ကာ ထွက်ခွာ
သွားပါချေတော့သည်။ မောင်နေ လိုက်ကြည့်ရာ သူဌေးဖြစ်သူ ၏ ပိုက်ဆံအိတ်သည်
တစ်တောင်လောက် တောင် ရှိနေကြောင်းကို ကြေကွဲစဖွယ် တွေ့ လိုက်ရပါတော့သည် ။

ဒီဇာတ်အတွက် မင်းသားချော ကို ရွေးနေတုန်း ဖြစ်ပါကြောင်း ၊ ဘယ်သူနှင့် သင့်တော်မယ်
ဆိုတာကို စဉ်းစားနေတုန်းပါ ခင်ဗျာ ။ ။ ။ ။ ။

ဇရာဆိုတာရယ်

ဟိုတနေ့ က အသိအကျွမ်းဟောင်းကြီး မောင်ချစ်တီး ရန်ကုန်ကို ခွင့်နဲ့ 
ပြန်လာပါတယ် ။ သူပြန်ရောက်တော့ ပုလင်းတူဘူးဆို့ တွေ ဖြစ်တဲ့ ခေါင်းကြီး
ဝေဖြိုးနဲ့ သောက်ကြစားကြပေါ့လေ ။ အဲဒါနဲ့ ဝေဖြိုးက သူကြီးဆီ ဖုန်းလှမ်းဆက်ပြီး
ကိုယ့်ဘာသာ ဆိုင်ကိုလာမလား ၊ အိမ်ပေါ်ထိ တက်ခေါ်ရမလား ဆိုတာကြောင့်
ဆိုင်ကိုပဲ သွားလိုက်ရပါတယ် ။ သိတဲ့အတိုင်း ဝေဖြိုး ဆိုတာက ခေါင်းကသာ
ကြီးတာ ။ အဲဒါနဲ့ သူတို့ ပုလင်းဖွင့်ထားတယ် ဆိုတဲ့ ကန်တော်ကြီးစောင်းနားက
စွမ်းအားအလင်း ဆိုတဲ့ (ဗြိတိသျှ လိုတော့ ပါဝါလိုက် ပေါ့လဗျာ) … အနှီဆိုင်ကို ခေတ္တခဏ
ဆိုသလို ရောက်ရှိ သွားရပါတော့တယ် ။ ထိုဆိုင်ရဲ့ ထူးခြားချက်ကတော့ အချင်းချင်း စကားပြောရင်
သူ့ စကား ကိုယ်မကြား ၊ ကိုယ့်စကားသူမကြားတာရယ် ၊ အော်ပြောရတာတွေ အကျင့်ပါသွားတာ
ရယ်လေး ပေါ့ ။ သြော်… ဒါကြောင့်လဲ ပါဝါလိုက်ကို လူတွေကြိုက်ကြတာကိုး (စကားချပ်)
တစ်ချို့ များ ပြန်တောင်ပြန်ချင်ဘူး ဆိုပဲ ။

အဲဒီကနေ ပြီးတော့ မောင်ချစ်တီးက ညောင်းညာ ကိုက်ခဲတယ် ဆိုတာနဲ့ ပဲ
နာမည်ရ မာဆက်ခ်ျ ပါလာ တခုကို ခေါ်သွားရပါတယ် ။ အဲသမှာ ခွေးမှား မှား
တာက အနှိပ်ခံဖို့ ယူနီဖောင်း လဲတော့မှ မောင်ချစ်တီးရဲ့  အဆီတထပ် ၊ အခေါက်တထပ် ၊
အသားတထပ် နဲ့ လွန်စွာမှ ရွံစရာ ကောင်းလှတဲ့…. အဲလေ သံဝေဂ ရစရာ ကောင်းလှတဲ့
ခန္ဓာကိုယ် အတ္တဘောကြီးကို မြင်ရတာကိုး ။ သြော်… မောင်ချစ်တီး ယခင် နန်ယန်းပေါ်လီ
ဘောလုံးအသင်း ကပ္ပတိန် ဘ၀တုန်းက ကျောနံပတ် ၇ ကို ၀တ်ဆင်ခဲ့တဲ့ လူးဝစ်ဖီဂို
အလား ထင်ယောင်မှားတဲ့ မောင်ချစ်တီး ရယ်မှ ဟုတ်ပါလေစ ။ ဒါကြောင့်လဲ ဇရာဆိုတာ
အစိုးမရတာ ပါကလား ဆိုတာကို သူကြီး သိသွားခဲ့ပါပြီ ။ သိသွားခဲ့ပါပြီလေ ။

။ ချစ်တီး နဲ့ ဝေဖြိုး ဒီစာဖတ်ပြီး ဆဲမနေနဲ့ ။

ဆရာကြီး ရဲ့  ဘုတ်အုပ်မဟာ

မထွက်သေးဘူးလား ၊ မထွက်တော့ဘူးလား လို့  တမေးတည်း မေးနေကြတဲ့
အထူးကု သမားတော်ကြီး ဆရာကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်သူကြီး ရဲ့ 
အဆင့်မြင့် သက်သက်သာသာ ဘာမှမလုပ်ပဲ နားနေနည်း ဆိုတဲ့ ဘုတ်အုပ်
မဟာကြီးဟာ ဆရာကြီး ပျင်းနေတာကြောင့် ထွက်ရှိမလာသေးပါ ။
ထွက်ဖြစ်မယ်ဆိုရင်တော့ ပန်းချီမောင်တိန်ရဲ့ ( ဒရင်းဘက် နှင့် ဆတ်သား
ခြောက်ဖုတ်) သရုပ်ဖော်ပုံ နှင့်အတူ ဆရာစိန် ရဲ့ စနေ တနင်္ဂနွေတိုင်း နေမြင့်အောင်
အိပ်နည်း ဆိုတဲ့ အမှာစာ ပါ ပူးတွဲ ပါဝင်မည် ဖြစ်ပါကြောင်းစာဖတ်ပရိသတ်
အပေါင်းကို ကြိုတင် အသိပေးအပ်ပါတယ် ။ ထွက်ရှိမဲ့ နေ့ မှာဆရာကြီး ကိုယ်တိုင် ပရိုမိုးရှင်း
လုပ်တဲ့ အနေနဲ့ စာအုပ်ဝယ်ယူသူ တိုင်းကို စည်ဘီယာ တခွက်စီ တိုက်မှာ ဖြစ်ပါကြောင်း ။
ဆက်လက်ပြီးတော့လဲ ဆရာကြီးရဲ့ ဒုတိယခြေလှမ်း အနေနဲ့ ဆရာကြီးရဲ့ ခရီးသွားမှတ်တမ်း
ဖြစ်တဲ့ နေပြည်တော် ပျဉ်းမနား တစ်ညအိပ်သွား ဆောင်းပါးကြီးကို အခန်းဆက် အနေဖြင့်
ငွေသပိတ်မှာ တစ်နှစ်ခွဲခန့် ဖော်ပြပေးမှာ ဖြစ်ကြောင်း ။