Friday, June 26, 2009

အသင်လူသား အိုဘာမား

အို…ဘာတဲ့တုန်း အိုဘာမားရေ။ အသင်က ထင်ရှားလှစွာသော အမေရိကန်
ပြည်ထောင်စုကြီး ၏ သမ္မတ ဖြစ်ပေသည် ။ ကျွန်ုပ်က ကျွန်ုပ်၏
အပေါင်းအသင်း ရောင်းရင်းများ ကဲ့သို့ ပင် သာမန်ညောင်ည လူ့ အန္ဓ သာလျှင်
ဖြစ်နေချေသေးသည် ။ မြန်မာပြည်မှ ဂျာနယ်များတွင် ကြေငြာကြသလို အသင့်
ဘာသာ အသင် အမေရိကန် ပြည်ထောင်စု ၏ ၄၄ ဆက်မြောက် သမ္မတ ပဲ
ဖြစ်ဖြစ် ၊ ၄၇ ဆက်မြောက် ပဲ ဖြစ်ဖြစ် ၊ ထို့ အတူ သင့်အသက် ၄၄ နှစ်ပဲ ဖြစ်ဖြစ် ၊
၄၇ နှစ်ပဲ ဖြစ်ဖြစ် ကျွန်ုပ် အလုပ် မဟုတ်ချေပါ ။ ဒါတွေမကလို့ သင့်အဖေဆီက
အိပ်မက်တွေပဲ အမွေရ ရ ၊ သင့်အမေဆီက မြေကွက် ပဲရ ရ ၊ဒါမှမဟုတ်
သင့်ကြီးတော် မကုလားမ ဆီက ကုလားအုပ် တစ်ရှဉ်းပဲ ရ ရ ကျွန်ုပ် ဘဇာမှ
ပြောစရာမရှိပါ ။ နို့ ပြီးတော့ရော…. သင့်နာမည် ဘာရက်ဟူစိန် ပဲဖြစ်ဖြစ် ၊
အီစွပ်ဘိုင်ပဲ ဖြစ်ဖြစ် ၊ အီဘရာဟင် ပဲ ဖြစ်ဖြစ် ၊ အက်ဗဒူလာ ပဲ ဖြစ်ဖြစ်
ကျွန်ုပ်နှင့် လားလားမျှ မဆိုင်ရေးချမဆိုင်ပါ ။ ပြီးတော့ သင်နှင့် ကျွန်ုပ်၏ အလှမ်း
ကွာဝေးချက်ကား ဥပမာပေးရရင် ကျွုန်ုပ်၏ မိတ်ဆွေဖြစ်သူ ကိုတွတ်က
အီတာလျံနာမည်ကြီး မင်းသမီး Monica Bellucci ကို သိပ်သိပြီး မော်နီကာ က
ကိုတွတ်ကို ဖြူသလား မဲသလား ဗိုက်ပူနံကားလား ဆိုတာကို မသိသည့် မိုးနဲ့ မြေ
ကွာခြားသလို အနေအထားမျိုး ၊ တစ်ဖန် ကိုတရုတ်ကြီးက ချစ်စဖွယ်တက်သစ်စ
အလှပင်ပျိုလေး မိုးယုစံ ကို ထဲထဲဝင်ဝင် ရင်းနှီး ချင်သော်ငြား မိုးယုစံလေးက
တရုတ်ကြီးကို မျက်ရစ်မရှိသည့် ကိုရီးယား မင်းသားလေး လူမြင်အန် တို့ ၊
လူမြင်အော့ တို့ လောက် ပင် မသိချင်သလိုမျိုး ဖြစ်ပါသည် ။


အဲ…ဆိုင်နေသည်က သင့်အကြောင်း ရေးထားကြသည့် ဘုတ်အုပ်ကြီးများပင်
ဖြစ်ပေသည် ။ နိုင်ငံတကာမှာ သင့်အကြောင်း ဘာရေးရေး ၊ သင့်ဘာသာ သင်
ထမင်းစားစား ၊ ရေသောက်သောက် ၊ အိမ်သာ ဘယ်နှစ်ခါတက်တက် နိုင်ငံတကာ
က လူတွေ ၀ယ်ဖတ်ကြပေလိမ့်မည် ။ ထားတော့ ။ ခက်သည်က အနှီ နိုင်ငံတကာ
က ထုတ်ဝေကြသည့် ဘုတ်အုပ်ကြီးများကို ဘာသာပြန်ဆိုကြသည့် ကျွန်ုပ်တို့ ၏
မြန်မာပြည်မှ ဘာသာပြန်ဆရာများကြောင့်သာ လျှင် ဖြစ်ကြချေ သည် ။ စင်စစ် သူတို့ 
မှာ ဘာအပြစ်မှ မရှိ ။ သင်တို့ ဆီမှ အားချင်းထုတ်ဝေသည့် ဘုတ်အုပ်ကြီးများ ကို
အားချင်းဘာသာပြန် ၊ အားချင်းရိုက်ထုတ် ၊အားချင်းဖြန့် ဝေ ၊အားချင်း ရောင်းချရ
သည်မှာ သိပ်ပင်ပန်းလှသည် ။ ဘာသာပြန်ဆရာတို့ ၏ မေတ္တာစေတနာ ကို အပြစ်
ပြောစရာ မရှိလှပါ ။ ပြောချင်သည်က ဈေးနှုန်း ပင် ဖြစ်ချေသည် ။ ဘာသာပြန်
တစ်အုပ်လျှင် မြန်မာကျပ်ငွေ တစ်သောင်းမှ တစ်သောင်းခြောက်ထောင် လောက်အထိ
ရှိခြင်းကိုက အတော့်ကို ဦးနှောက် ခြောက်စရာ ကောင်းလှပါသည်။ ကျွန်ုပ်တို့ လို လူ့ အန္ဓ
များ အနေဖြင့် အသပြာငွေ တစ်သောင်း ခြောက်ထောင်ကို စီစီစစ်စစ် သုံးစွဲမည် ဆိုလျှင်

၁ ) လန်ဒန် စီးကရက် တစ်တောင့်ကို ၀ယ်ယူသောက်သုံးခြင်း
၂) မာတီနီ တစ်ပုလင်း သောက်ပြီး ၅သုံးလုံး ၂ ဘူး ၀ယ်ခြင်း
၃) ကျန်းမာရေး အတွက် တစ်ဆက်ရှင် ကို ၂၅၀၀ ကျပ်ဖြင့် ၆ ခါတိတိ
အနှိပ်ခံခြင်း
၎) ဂေါက်သီး အလုံးတစ်ထောင် (တစ်လုံး ၁၅ ကျပ်) တိတိ ရိုက်နိုင်ခြင်း
၅) ကာရာအိုကေ သုံးဆက်ရှင် တိတိ သွားရောက် သီဆိုနိုင်ခြင်း
၆) ဓာတ်ဆီ ၆ဂါလံ ၀ယ်ထဲ့ပြီး ပဲခူး ဘုရားဖူး ထွက်နိုင်ခြင်း
၇ ) သူငယ်ချင်း အပို ၂ယောက် ခေါ်ပြီး အလှပြင်ဆိုင်မှာ မျက်နှာသစ် ချေးချွတ်
နိုင်ခြင်း
၈ ) စွမ်းအားအလင်း ဆိုင်တွင် ပန်းကုံး ၅ ကုံးတိတိ စွပ်နိုင်ခြင်း
၉) ဒံပေါက် ၁၀ ပွဲ တိတိ ၀ယ်စားနိုင်ခြင်း (သွေးတိုးတာ မတိုးတာ နောက်ကိစ္စ)
၁၀ ) ကြေးအိုးပွဲကြီး ၈ ပွဲ ၀ယ်စားနိုင်ခြင်း
၁၁) ကုသိုလ် ပြုလိုသူ အနေဖြင့် နေပူခံကျောက်ပြား ၁၀ချပ် ဘုရားမှာ
လှူနိုင်ခြင်း

စသည့် ကိုယ်သန်ရာ သန်ရာထဲမှ တခုခုကို ဇောက်ချ လုပ်နိုင် ပါချေမည်။
ထိုသို့ မဟုတ်ပဲ သင့်အကြောင်း ရေးထားသည့် ဘာသာပြန် စာအုပ်ကိုသာ
ဝယ်ယူဖတ်ရှုမိလျှင် ခေါင်းကိုက် ၊ ဇက်ကြောတက် ၊ မျက်စိညောင်းပြီး
အခန့် မသင့်လျှင် ခါးပါ နာသွားနိုင်ပါသည် ။

ထို့ ကြောင့် စေ့စေ့တွေး ရေးရေးပေါ် ဆိုသလို တကယ် တာဝန်ရှိနေသည်က
အသင်သာလျှင် ဖြစ်ချေသည် ။ အသင်သာ ခရီးမသွားလျှင် ၊ သမ္မတ မဖြစ်လျှင်
သင့်အဖေဆီမှ အိပ်မက်တွေ အမွေမရလျှင် ဘယ်သူမှ သင့်အကြောင်း
ခေါင်းခြောက်ခံပြီး ဘုတ်အုပ်ရေးကြလိမ့်မည် မဟုတ်ပါ ။ ကြည့်လေ……………
ကျွန်ုပ် သူငယ်ချင်း မောင်မောင်မြင်း ကို မည်သူက ဘိုင်အိုဂရပ်ဖီ ထုတ်ပါရစေ
မစ္စတာမြင်း ရယ်လို့ များ လာဖူးသနည်း ။ ကျွန်ုပ်ကိုရော…………. ကိုသူကြီးရဲ့ 
နေပြည်တော် ပျဉ်းမနား ခရီးသွား ဆောင်းပါး အကြောင်း မေးပါရစေ ဟု အဘယ်သူ
လာမေးဖူးသနည်း ။ ကျွန်ုပ်တို့ ၏ မူဝါဒသည်ကား သိပ်ချောသော ၊ သိပ်ပညာတတ်
သော ၊ သိပ်ချမ်းသာသော ၊ သိပ်ကို သြဇာအာဏာ ကြီးမားသော ယောက်ျားများကို
မသိသလို အဖက်မတန် မဆက်ဆံ ခြင်းပင် ဖြစ်ချေတော့ရာ ကျွန်ုပ်အနေဖြင့်
သင့်ကို ပြောချင်သည်ကား အသင့်အကြောင်း စာအုပ် မျိုးစုံကို လုံးဝ မဖတ်ရှုချေပါ
ဟု အတိအလင်း ကြေငြာခြင်းသာလျှင် ဖြစ်ပါချေတော့သည် ။

Wednesday, June 24, 2009

ကျွန်တော်နှင့် ကာလ်ချရယ်လ် ရှော့ခ်

အမှန်ပြောရရင် ဒီကိုစရောက်ခါစက မနေတတ်ဘူး ဖြစ်နေတယ် ။ဘာလို့ ဆို
စင်ကာပူပဲ ဖြစ်ဖြစ် ၊ရန်ကုန်မှာပဲ ဖြစ်ဖြစ် ဘယ်အချိန်မဆို လူတွေက မပြတ်တမ်း
ရှိနေတာ တစ်ကြောင်း ၊ ညလုံးပေါက် ဖွင့်တဲ့ဆိုင်တွေ ၊ မိုးအလင်းဖွင့်တဲ့ဆိုင်တွေ
ဆိုတာကလည်း ရှိတာတစ်ကြောင်းဆိုတော့ ဗိုက်ဆာရင် ၊ အအေးသောက်ချင်ရင်
ရွှတ်ခနဲ ကောက်ဆင်းသွားလို့ ရတယ် ။ ၀ါသနာပါလို့ ဘီယာလေးငုံချင်တယ်
ဆိုရင်တောင် ရသေးတယ် ။ ခုကျတော့ ဒီလိုမဟုတ်ဘူးလေ။ ကိုယ်ကျင်လည်ခဲ့ဖူးတဲ့
နေရာ၊ ကိုယ်ကျွမ်းကျင်တဲ့ အရပ်လဲ မဟုတ် ၊ ရာသီဥတုကလည်းအေး ၊ လမ်းပေါ်မှာ
လည်း ညမပြောနဲ့  နေ့ ခင်းဘက်တောင် လူကသိပ်မရှိဆိုတော့ ရောက်စမှာ
နည်းနည်း တော့ ကျွတ်ကျဲတာ အမှန်ပါပဲ ။ ဒီကြားထဲ နွေဦးပေါက်ကာလသာ ပြောတာ
ပြီးခဲ့တဲ့ ၇ ရက်လုံး မိုးတွေအုံ့ ပြီး နေရောင်ကို မမြင်ရတာဗျာ လူလည်း ပီကင်းဘဲကင်လို
ဖြစ်နေပြီ။ သြော်… ကမ္ဘာဦးလူသားတို့  နေရောင်ကို မြင် တော့ ကိုးကွယ်ကြတယ်
ဆိုလား သမ္မာကျမ်းထဲကလို ဖြစ်နေပါလေရော့ ။ ဒီလောက်တောင် စွမ်းအင်ကြီးတာ
ပါလား နေရယ် ။ သူငယ်ချင်း ကိုနေ ခေါ် ရှည်ရှည် ဘ၀င်မြင့် မသွားရဘူးနော် ။

အဲဒါပြီးတော့ နောက်တခုက ကလေးတွေ ပျောက်ကြတဲ့ ကိစ္စ ၊ အရေးတော်တော်ကြီး
ပါတယ် ။ ကလေးပျောက်ပြီး ပြန်မလာတာတို့ ၊ ကလေးရော အမေရော ပျောက်နေတာ
တို့ ၊ နာနီနဲ့ ကလေးပျောက်သွားတာတို့ ၊ ပြန်တွေ့ ရင် အကြောင်းကြားပါ ဒေါ်လာ ၆သောင်း
ပေးပါ့မယ် ဆိုပြီး မီးပွိုင့်တွေ မှာ စာကပ်ထားတာတို့ ဆိုတာတွေ မြင်ရတာ အတော့်ကို
ခေါင်းစားစေပါတယ် ။ ကိုယ့်မှာလဲ ကလေးတဘက်နဲ့  ဆိုတော့ ကလေးပျောက်တဲ့ မိဘတွေ
ဆိုရင် ရင်ပူရှာမှာပဲ ဆိုပြီး ကိုယ်ချင်းစာ မိပါတယ် ။ အဲဒီတခုလည်း နဲနဲ ကျွတ်ကျဲတာ
ပေါ့ဗျာ ။ ပြောသာပြောရတာ ကိုယ်က သူဌေးကြီးလည်း မဟုတ် ၊ ဂန်းစတားလည်း မဟုတ်
ဆိုတော့ ပြန်ပေးဆွဲမဲ့ ဆရာသမားတွေကလည်း ကိုယ့်တော့ ဒုက္ခခံပြီး ဘယ်လုပ်မှာလဲနော့ ။

နောက်တခု က ဟိုက်ဝေးလမ်းမကြီးတွေပေါ်မှာ ကိုယ့်ဘာသာကိုယ် သတ်မှတ်အရှိန်
တနာရီ မိုင် ၈၀ လောက်နဲ့ မောင်းနေတုန်း တနာရီကို မိုင် ၁၂၀ နှုန်းလောက်နဲ့ 
ဟိုလမ်းက၀င် ၊ ဟိုဘက် လိန်းကိုထွက် ၊ ရှေ့ ကကားကိုကျော်တက် စတဲ့ ရူးကြောင်ကြောင်
ဒရိုင်ဘာ တွေကလည်း လူကို နည်းနည်း တုန်လှုပ်စေပါတယ် ။ တချို့ ကတော့ YOUTUBE
ထဲပါပြီး နာမည်ကြီးရပြီးရော လုပ်တာပေါ့ လေ ။ ဒါပေမဲ့ အခန့် မသင့်ရင် ရဲကားနဲ့ တွေ့ ၊
ရဲကလိုက် သူတို့ ကပြေး နဲ့  ကိုယ့်ကားလိန်းထဲ ၀င်လိုက် ထွက်လိုက် နဲ့  တခါတခါ
ကြည့်ကောင်း တယ် ထားဦး ခေါင်းစားတာတော့ အမှန်ပါပဲ ။

နောက်ဆုံးလောလောလတ်လတ် တခုက နေ့ ခင်းကြောင်တောင်ကြီးတောင် ဓာတ်ဆီဆိုင်
ထဲမှာ ဒမြ၀င်တိုက်တာ တွေပေါ့ ။ အခန့် မသင့်ရင် ကိုယ့်တောင် သေနတ်နဲ့ ပစ်သွားနိုင်
သေး ။ ဒါတောင် လော့စ် အိန်ဂျယ်လိစ် ဆိုတဲ့ မြို့ လည်ခေါင်ကြီးမှာပေါ့နော် ။ အထူးသဖြင့်
အဲသလို လုပ်တဲ့ လူစားတွေက အမဲကောင်တွေ များကြတယ်တဲ့ ။ ဒမြကိစ္စ ကတော့
သူများပြောလို့ သိရတာပါ ။

စင်ကာပူမှာ ကျတော့ လူတွေလည်း ကျပ်ညပ် ၊ နေ့ ခင်းဘက်ဆိုရင်လဲ ရှော့ပင် စင်တာ
တွေမှာလူအပြည့် ၊ စနေတနင်္ဂနွေ ကျတော့လဲ လူအပြည့် ၊ တိုးလိုက်ဝှေ့ လိုက်
ကျော်ခွလိုက် နဲ့  ဆိုတာကို အသားကျနေခဲ့ဖူးတဲ့ ကျွန်တော့်အနေနဲ့ ဒီက ယဉ်ကျေးမှု
ထုံးတမ်းစဉ်လာ ကို ဖြည်းဖြည်းချင်း လေ့လာ သင်ယူရဦးမှာပါဗျာ ။

ဆိုရရင် မြန်မာစကားပုံမှာ တရွာမပြောင်း သူကောင်းမဖြစ် တဲ့ ။ သူကောင်း ဖြစ်မဖြစ်တော့
မသိသေးဘူး ။ စိတ်ညစ်ရတာတော့ အမှန်ပါပဲ ။ ဒါပေမဲ့လေ ကိုယ်တယောက်ထဲမှ
မဟုတ်တာ ၊ ဒီလို ပဲ စွန့် စွန့် စားစား နဲ့ နေထိုင်နေကြတဲ့ ရွှေမြန်မာတွေရော ၊ တခြား အာရှ
တိုက်သားတွေရော ရှိနေတာ ဆိုတော့ သိပ်တွေးကြောက်နေလို့ လဲ ထူးမှာမဟုတ်ပါလေ
ဆိုပြီးတော့ပဲ နေထိုင်နေရ ပါတယ်။ ဖြစ်သွားမှာပါ လို့ ပဲ စိတ်ထဲမှာ ထားလိုက်ပါတော့တယ်
ခင်ဗျား ။