Wednesday, July 15, 2009

သူငယ်ချင်း တစ်ယောက်အကြောင်း

ကျွန်တော့်အရင်က လုပ်ငန်းခွင်ထဲမှာ အပေါ်ရုံးက တရုတ်ကလေး တစ်ယောက်
ရှိပါတယ် ။ ရုံး ၂ ခုပေါင်း ၀န်ထမ်း ၁၅ ယောက်လောက်မှာ မြန်မာဆိုလို့ ကျွန်တော်ပဲ
ရှိသလို မလေးတရုတ် ဆိုလို့ လဲ သူပဲရှိပါတယ် ။ ကျွန်တော့်ထက် တစ်နှစ်ကျော်
အသက်ကြီးပြီး အင်မတန် ခင်ဖို့ ကောင်း နားလည်မှုရှိတဲ့ လူတစ်ယောက်လို့ ပြောရမှာပါ ။
သူက မလေးတရုတ်ဖြစ်ပြီး သူ့ မိန်းမကတော့ ပြည်ကြီးတရုတ်မ လေးဖြစ်ပါတယ် ။
သူ့ မိန်းမက စာရင်းကိုင် အလုပ်ကို လုပ်ပြီး ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနေကြလေရဲ့ ။
Woodlands မှာ အိမ်ဝယ်ထားပြီး နေရာကနေ သူ့ မိန်းမ ဗိုက်ကြီးလာပါ ရော ။ အဲဒါနဲ့ 
သူ့ မိန်းမလည်း အလုပ်ဖိလုပ်ပြီး ပိုက်ဆံရှာ အိုဗာတိုင်တွေလဲ ဆင်း နဲ့ ကလေးမွေးဖို့ 
နောက်နေ့ ဆေးရုံတက်မယ် ဆိုမှပဲ အလုပ်ကနေ နားရပါတော့တယ် ။ အဲ… သားယောကျာ်း
လေး မွေးပြီး နောက် ၁၀ ရက် အတွင်းမှာပဲ မိန်းမက ခွင့်မရလို့ ရုံးပြန်တက်ရပါလေ ရော ။
မတက်ရင်လဲ အလုပ်က ပြုတ်တော့မဲ့သဘော ဖြစ်တာကိုး ။ ဒါနဲ့ ပဲ သူကတဘက် ခွင့်ယူပြီး
ကလေးကို နို့ ဘူးတိုက် ရလေရဲ့ ။ မကြာပါဘူး နောက် ၂ပတ် လဲပြည့်ရော ခွင့်လဲကုန်ရော ။
တတ်နိုင်ပါဘူး သူ့ မိန်းမရဲ့  အဖေအမေကို ပြည်မကနေ လေယာဉ်လက်မှတ်ပို့ ပြီး ခေါ်ရပါ
လေရော ။ ပြီးတော့ ရောက်လာတာနဲ့ အင်မီဂရေးရှင်းမှာ long term social visit တွေ
လျှောက်ပေးရ ၊ အဖိုးကြီး အဖွားကြီးဆေးစစ်ရ ၊ ပြီးတော့ ကလေး ကိုလဲ PR ပြန်လျှောက်
ရ ၊ ကာကွယ်ဆေးတွေ ထိုးရ နဲ့ သူတို့ လင်မယား စုထားတဲ့ ပိုက်ဆံလေးတွေ ပြောင်ပါလေ
ရော လား ။ ဒါတောင် သူ့ CPF ထဲက ကလေးမွေးစရိတ် နှုတ်သွားပေလို့ ။

အဲဒါနဲ့ ပဲ လင်မယား ၂ ယောက် ကလေးကို အဖိုးအဖွား နဲ့ ထားပြီး အလုပ်ပြန်လုပ်ကြရ
ရှာတယ် ။ မကြာပါဘူး ၂ လလောက်ရတော့ ယောကခမ အဖွားကြီးက စင်ကာပူမှာ
နေသားမကျတော့ အပူနာ တွေပေါက် (ပြည်မက အေးတယ်လေ) ၊ အဲဒါနဲ့ ပဲ ဆေးကု
တာနဲ့ ကုန်သွားသေးတယ် ။ ၄ လပြည့်တော့ အဖိုးကြီး အဖွားကြီးလဲ SG မှာ မပျော်တော့ဘူး
… ကိုင်း ဘာလုပ်ကြမလဲ ။ အဖိုးကြီး အဖွားကြီး ပြန်ရင် ကလေးကို ဘယ်သူကြည့်မလဲ
ဘယ်သူ အလုပ်ထွက်မှာလဲ ဘယ်သူမှ မထွက်နိုင်ဘူးလေ အိမ်က၀ယ်ထားမိပြီ စားစရိတ်က
မကုန်ပေမဲ့ ဆေးကုရတာ ဘာညာ taxi ခ က ကြာတော့ထိလာပြီ ။ နောက်ဆုံးတော့
ကလေးကို အဖိုးအဖွားနဲ့ တရုတ်ပြည်မကို ထဲ့လိုက်ရလေ သတည်းပေါ့ ။

ထည့်လိုက်ပြီး တစ်ပတ်လောက်မှာ ဘာမှ မဖြစ်သေးပေမဲ့ တလလောက်ကြာတော့ အမြဲလို
ပျော်ပျော်ပါးပါး ဟေးဟား နေတတ်တဲ့ သူဟာ တွေဝေမှိုင် လာပါတော့တယ် ။ မေးလိုက်ရင်
လည်း ငါ့သားလေးကို သတိရလို့ ပါကွာ လို့ ဖြေရုံမှအပ တခြား မရှိနိုင်ပါဘူး ။ တခါသား
တော့ တနင်္ဂနွေ ဂျူတီကျချိန်မှာ တစ်ယောက်တည်း ကျိတ်ငိုနေတာ ကို တွေ့ မိပါတယ် ။
ကျွန်တော့် ရင်ထဲမှာ အတော့်ကို မကောင်းဖြစ်သွားခဲ့ရတာပါ ။ သူငယ်ချင်းရယ် မင်းတို့ ခုချိန်
ပိုက်ဆံစုနေ တာ နောင်တချိန် မင်းကလေး ကောင်းစားဖို့ ပဲ မဟုတ်လား လို့ ချော့ရပါတယ် ။
သူကတော့ စင်ကာပူ က ပျော်စရာမကောင်းတော့ကြောင်း ၊အမြဲအလုပ် ဆိုတာကိုပဲ စဉ်းစား
နေရကြောင်း ၊ ဒီထက်ပိုပြီး ပိုက်ဆံရှာဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ကြောင်း ၊ ဘယ်အချိန်မှ
မန်နေဂျာ ဖြစ်မယ် မှန်း မသိကြောင်း ၊ ဖြစ်ရင်လဲ တလ ၅ ထောင် ရပေမဲ့ မိသားစု အတွက်
ထည့်စဉ်းစားလို့  ရမှာ မဟုတ်ကြောင်း ၊ တတ်နိုင်ရင် အိမ်ပြန်ရောင်းပြီး မလေးမှာ ဖြစ်ဖြစ် ၊
ပြည်မမှာ ဖြစ်ဖြစ် စီးပွားရေးတခု လုပ်ချင်ကြောင်း တို့ ကို ပြောပြသွားပါတယ် ။

အဲလိုနဲ့  ကျွန်တော်လဲ အလုပ်ကထွက်ပြီး ရန်ကုန်ပြန်တာနဲ့ ဘာနဲ့ ညာနဲ့  ဆိုတော့ သူနဲ့ 
မတွေ့ ဖြစ်တော့ပါဘူး ။ ခုဆို သူနဲ့ မတွေ့ တာ ၁၆ လလောက်ရှိပါပြီ ။ သူ့ သားလေးတောင်
ဘာလိုလိုနဲ့ ခုဆို ၂ နှစ်ကျော် ရှိနေပါပြီ ၂၀၀၇ ဇွန်လမှာ မွေးတာဆိုတော့ ။ ပြည်မမှာပဲလား
စင်ကာပူကို ပြန်ခေါ် ထားပြီလား ဆိုတာတော့ မသိရသေးပါ ။ ဘာပဲပြောပြော ဘဝ
တကွေ့ မှာ ခဏတွေ့ ရပေမဲ့ နားလည်မှု ရှိတဲ့ သူငယ်ချင်း မိသားစု အစစအရာရာ အဆင်ပြေ
ပါစေ လို့  ဆုတောင်းလိုက်ပါတယ် ။သူငယ်ချင်း ဝေါ်လ်တာ စိတ်ချမ်းသာရပါစေဗျာ ။


မှတ်ချက် ။ ဒီစာစုသည် လူမျိုးဘာသာ မတူသော်ငြား ဘ၀အတွက် ရုန်းကန်ရတာချင်း
တူတာကို ပုံဖော်ပြထားခြင်း ဖြစ်ပါသည် ။ ဝေါ်လ်တာတို့ ၊ ကျွန်တော်တို့ အဆင်မပြေသော်
လည်း တခြား သူများအတွက်တော့ အဆင်ပြေချင် ပြေပါလိမ့်မည် ။ လူတဦး နဲ့ တစ်ဦး ၊
ကံချင်း တူနိုင်မည် မဟုတ်ပါ ။ အားလုံးကို လေးစားလျက် ။

သူများလုပ်ခိုင်းတိုင်း လိုက်လုပ်ခြင်း

သူများက တခုခုခုလုပ်တိုင်း ကိုယ်ကလိုက်လုပ်သည် ဆိုသည်မှာ အတိုင်းအတာတခု
အထိတော့ မှန်သင့်သလောက် မှန်သည်ဟု ကျွန်တော်ထင်ပါသည် ။သို့ သော်လည်း
လူတိုင်းတွင် ကိုယ်သာသိသော ကိုယ့်အကြောင်းတရား terms and conditions များ
ရှိကြချေသည် ။ ထို့ ကြောင့် တချို့ သော အရာ ကိစ္စ များသည်ကား သူများလုပ်တိုင်း
ကိုယ်က ဖင်မနိုင် ခေါင်းမနိုင် လိုက်လုပ်မိလျှင် ကိုယ်သာ ဒုက္ခ များမည်ဆိုသည်ကား
ပြောစရာပင် မလိုတော့ချေပါ ။

ဥပမာ ဆိုရသော် ကျွန်တော်နှင့် မောင်ရှည်ကြီးသည် လွန်စွာချစ်ကြသော ရောင်းရင်းကြီး
များ ဖြစ်ကြချေသည် ။ အနို့ သော် ကျွန်တော်က အိမ်ထောင်သည် ကလေးတစ်ယောက်
အဖေဖြစ်ပြီး ရှည်ရှည်က လူပျိုကြီး အချစ်မရှိရင်ခုန်ဆဲ ဖြစ်ပါသည် ။ ဒါကိုသွားပြီး
ရှည်ရှည် ငါတော့ အိမ်ထောင်သည် ကလေးအဖေ ဖြစ်ပြီ မင်းလဲ မိန်းမယူ ကလေးမွေး
ဆိုပြီး အတင်းအကျပ် သွားတိုက်တွန်းလို့ မရစကောင်းပါ ။ သူ့ အနေအထား သူ့ ရည်မှန်း
ချက် သူ့ ကြိုးစားမှု သူ့ ဘ၀တက်လမ်း ဒါတွေကို သူပဲသိပါလိမ့်မည် ။ သူ့ ဘာသာသူ
လူပျိုဖြစ်ဖြစ် အိမ်ထောင်သည် ဖြစ်ဖြစ် တစ်ယောက်နှင့်တစ်ယောက် အရင်လိုချစ်ကြပြီး
အရက်အတူတူ သောက်နေရခြင်းက ပိုပျော်ဖို့ ကောင်းပါသည် မဟုတ်ပေလော ။

တဖန် သူငယ်ချင်းကြီး ကိုကိုတွတ်ကို ဟေ့ကောင်ရေ ကလေး ယူတော့လကွာ ပျော်စရာ
သိပ်ကောင်းတယ် ဟု သွားပြီး အတင်းအကျပ် တိုက်တွန်းလို့  မရချေပါ ။ သူ့ ခမျာ
ကျောင်းတဘက် အလုပ်တဘက်နှင့် ကရိကထ များရသည့်ကြား အရေးထဲ အရာပေါ်
ဆိုသလို ဘယ်အရာမှ အာရုံမစိုက်နိုင် ဖြစ်ပါချေမည် ။ ကြာတော့ မိသားစု ကိစ္စ လည်း
လစ်ဟင်း အလုပ်မှာလဲ လစ်ဟင်း ကျောင်းစာလည်း လစ်ဟင်းဆိုလျှင် မကောင်းပါ ။

ကျွန်တော်ဆိုရင်ကော… ဥပမာ မိတ်ဆွေတဦးက ဟေ့ကောင်သူကြီး စင်ကာပူမှာ COE
တွေ ချနေတယ် ကားဝယ်စီးတော့လကွာ ဟု လာပြောတာကို အဟုတ်မှတ်ပြီး ကားဝယ်
စီးမိလျှင် ကျွန်တော်ပဲ Parking ၊ ERP Road Tax Peak Hour Off Peak Hour
Maintenance Gasoline monthly instalment စသည်များနှင့် လုံးချာလည်ပြီး ရွှေဓားမ
ကုမ္ပဏီ မှ ကိုသူကြီး နေ့ တိုင်းနေ့ တိုင်း ပဲငံပြာရည် နှင့်ထမင်း စားနေရမည်( အသားမပါ )
မဟုတ်ပါလား ။

ပြောချင်သည်မှာ လူတစ်ယောက်နှင့်တစ်ယောက် preference ချင်း မိသားစု အနေအထား
ချင်း ၊ ကာယကံရှင်မှလွဲလို့ တခြားသူ မသိနိုင်သော ကိစ္စ ရပ်ချင်း များ ရှိကြမည်မှာ
အသေအချာပင် ဖြစ်ပါသည် ။ သို့ သော် မိတ်ဆွေစစ် မိတ်ဆွေမှန် တို့ ၏ ချစ်ခင်ရင်းနှီးမှု
အတိုင်းအတာအရ မိမိကြုံတွေ့ ရသော အခက်အခဲများ ၊ ပျော်ရွှင်ချမ်းမြေ့ မှုများ ကို
မေးမြန်းလာပါက အရှိအတိုင်း ဖြေပေးရမည်ဆိုသည်ကတော့ မှန်ပါသည် ။ ပြီးမှ ကိုယ်
လုပ်တဲ့ ကိစ္စ ဟာ သူများနဲ့ အံဝင်မ၀င် ဆိုတာကို သူများဘာသာ ချိန်ဆတွေးခေါ် ပါစေ
ဟု ပြောချင်ပါသည် ။

ဒီစာကို ရေးရသည်မှာ ကျွန်တော်၏ လုပ်ငန်းခွင်ထဲမှာ ကျွန်တော့်အား စလုံး လုပ်ဖော်
ကိုင်ဘက်များက အချိန်တိုင်း အိမ်မ၀ယ်သေးဘူးလား အိမ်ဝယ်တော့မှာလားဟု
အမြဲလိုလို နေ့ စဉ်နဲ့ အမျှ မေးမြန်းခံနေရတာကို ကြုံဖူးသောကြောင့် ဖြစ်ပါသည် ။
ကြာတော့ ကျွန်တော်လဲ ညစ်လာပါသည် ။ ကိုယ့်ဘာသာ အိမ်ဝယ်ဝယ် အိမ်ငှားငှား
သူတို့ အလုပ် မဟုတ်ချေပါ ။ care n concern အရ မေးသည်ဆိုတာကိုတော့ နားလည်
ပါသည် ။ သို့ သော် တခါတလေ အရမ်း fed up ဖြစ်မိပါသည် ။ ထို့ ကြောင့် ကျွန်တော့်လိုပဲ
ခံစားနေရသော ဘော်ဒါများအတွက် ဒီစာစုလေးကို ရေးမိပါသည် ခင်ဗျား ။ လူတိုင်း
ကိုယ့်အကြောင်းနဲ့ ကိုယ် အရာရာ တွေးတော ချိန်ဆနိုင်ပါစေ လို့ ရည်စူးလျက် ။

Thursday, July 9, 2009

မျက်လုံးချင်း စကားပြောနေပြီ

ကျွန်တော် မောင်သူကြီးဟာ ယခုအချိန်မှာ ဆိုရင်ဖြင့် အဝေးတစ်နေရာကို ရောက်ရှိနေခဲ့
ပြီ ဖြစ်တာမို့ တချိန်တခါက စင်ကာပူရမှာ ချစ်ကျွမ်းဝင်ခဲ့ရတဲ့ မိတ်ဆွေ အပေါင်းအသင်း
ရောင်းရင်းများ ၊ ဘလော့ဂ် မိတ်ဆွေများ ၊ အနောနီးမတ်များ အတွက် တချိန်တခါက
ပြန်ဆိုတေးသံရှင် အယ်လ်လွန်းဝါ ရဲ့ “မျက်လုံးချင်း စကားပြောနေပြီ “ဆိုတဲ့ တေးသီချင်း
အလိုက်ကလေးကို စာသားလေး မဆိုစလောက် ပြောင်းပြီး တင်ဆက်ပေးလိုက်ပါတယ် ။
ချစ်သောတရှင်အပေါင်း သာယာမှုများစွာနဲ့ ပြည့်စုံနိုင် ကြပါစေလို့  ဆုမွန်ကောင်း
တောင်းလျက် ။



တကယ်ဆို ကိုယ်ကလည်း ဈေးဖိုးလိုသည် အသုံးကလည်း များသွားသည်
ဟိုအရင်တခါ ဆိုစဉ်က ဈေးလျှော့ယူသည် ခုတခေါက် ဆို မြင့်သွားပြီ
ဒီအချိန် ၈သောင်းပေးမှ တို့ ဆိုမည် ၈သောင်းခွဲ လည်း ဖြစ်ပါသည်
ရသမျှကို အကုန် ပြန်ဆိုပစ်မည် တပုဒ်မှကိုလေ မချန်ပါအတည်
ပရိုဂျူဆာ တွေရယ် ကန်ထရိုက်တာ များသည် အိမ်ကိုလာလည်ကြပြီ

ငယ်ရွယ်စဉ် နာမည်မရ ဖြစ်တဲ့အချိန်သည် ကိုယ့်အတွက်တော့ ခါးသီးသည်
ဒီလိုအချိန် နာမည်ကြီးသည့် အခါသည် လက်ညှိုးထိုးရာ ငွေဖြစ်ပြီ
ငွေကို ငွေနဲ့ ရင်းပြီး တို့ ကြံစည် အထုပ်ကြီးကြီး ရှိဖို့ ရန် အတည်
ရှိသမျှကို အကုန် ဆိုပစ်ဦးမည် တစ်နေ့ အပုဒ် တစ်ထောင်ကို ညီစေသည်
ငွေပေါ်ချင်သူတွေ မြန်မြန်လာကြသည် ဒါဟာ ကံကြမ္မာပံ့ပိုးပြီ

မကြာခင်မှာ နာမည်ကြီး မြုပ်တော့ချေမည် ရသမျှတော့ ကဲ့ထားပြီ
ဒီလိုအချိန် နာမည်ကျသည့် အခါမှီ အသုံးအစွဲ ကို စီစစ်မည်
ဒီအချိန် အသားငါးးဟင်း လျှော့ကာရည် အရွက်များများပဲ တီးပါမည်
ပွဲသွင်းသူ ဆိုတာတွေ ရှောင်ကြသည် ခုတော့ ကိုယ်ဂိန်နေပါပြီ
ငွေဆိုတာ ကိုလေ သေချာစုထားသည် နောင်တချိန် နောင်တာ စိတ်အေးပြီ

Friday, June 26, 2009

အသင်လူသား အိုဘာမား

အို…ဘာတဲ့တုန်း အိုဘာမားရေ။ အသင်က ထင်ရှားလှစွာသော အမေရိကန်
ပြည်ထောင်စုကြီး ၏ သမ္မတ ဖြစ်ပေသည် ။ ကျွန်ုပ်က ကျွန်ုပ်၏
အပေါင်းအသင်း ရောင်းရင်းများ ကဲ့သို့ ပင် သာမန်ညောင်ည လူ့ အန္ဓ သာလျှင်
ဖြစ်နေချေသေးသည် ။ မြန်မာပြည်မှ ဂျာနယ်များတွင် ကြေငြာကြသလို အသင့်
ဘာသာ အသင် အမေရိကန် ပြည်ထောင်စု ၏ ၄၄ ဆက်မြောက် သမ္မတ ပဲ
ဖြစ်ဖြစ် ၊ ၄၇ ဆက်မြောက် ပဲ ဖြစ်ဖြစ် ၊ ထို့ အတူ သင့်အသက် ၄၄ နှစ်ပဲ ဖြစ်ဖြစ် ၊
၄၇ နှစ်ပဲ ဖြစ်ဖြစ် ကျွန်ုပ် အလုပ် မဟုတ်ချေပါ ။ ဒါတွေမကလို့ သင့်အဖေဆီက
အိပ်မက်တွေပဲ အမွေရ ရ ၊ သင့်အမေဆီက မြေကွက် ပဲရ ရ ၊ဒါမှမဟုတ်
သင့်ကြီးတော် မကုလားမ ဆီက ကုလားအုပ် တစ်ရှဉ်းပဲ ရ ရ ကျွန်ုပ် ဘဇာမှ
ပြောစရာမရှိပါ ။ နို့ ပြီးတော့ရော…. သင့်နာမည် ဘာရက်ဟူစိန် ပဲဖြစ်ဖြစ် ၊
အီစွပ်ဘိုင်ပဲ ဖြစ်ဖြစ် ၊ အီဘရာဟင် ပဲ ဖြစ်ဖြစ် ၊ အက်ဗဒူလာ ပဲ ဖြစ်ဖြစ်
ကျွန်ုပ်နှင့် လားလားမျှ မဆိုင်ရေးချမဆိုင်ပါ ။ ပြီးတော့ သင်နှင့် ကျွန်ုပ်၏ အလှမ်း
ကွာဝေးချက်ကား ဥပမာပေးရရင် ကျွုန်ုပ်၏ မိတ်ဆွေဖြစ်သူ ကိုတွတ်က
အီတာလျံနာမည်ကြီး မင်းသမီး Monica Bellucci ကို သိပ်သိပြီး မော်နီကာ က
ကိုတွတ်ကို ဖြူသလား မဲသလား ဗိုက်ပူနံကားလား ဆိုတာကို မသိသည့် မိုးနဲ့ မြေ
ကွာခြားသလို အနေအထားမျိုး ၊ တစ်ဖန် ကိုတရုတ်ကြီးက ချစ်စဖွယ်တက်သစ်စ
အလှပင်ပျိုလေး မိုးယုစံ ကို ထဲထဲဝင်ဝင် ရင်းနှီး ချင်သော်ငြား မိုးယုစံလေးက
တရုတ်ကြီးကို မျက်ရစ်မရှိသည့် ကိုရီးယား မင်းသားလေး လူမြင်အန် တို့ ၊
လူမြင်အော့ တို့ လောက် ပင် မသိချင်သလိုမျိုး ဖြစ်ပါသည် ။


အဲ…ဆိုင်နေသည်က သင့်အကြောင်း ရေးထားကြသည့် ဘုတ်အုပ်ကြီးများပင်
ဖြစ်ပေသည် ။ နိုင်ငံတကာမှာ သင့်အကြောင်း ဘာရေးရေး ၊ သင့်ဘာသာ သင်
ထမင်းစားစား ၊ ရေသောက်သောက် ၊ အိမ်သာ ဘယ်နှစ်ခါတက်တက် နိုင်ငံတကာ
က လူတွေ ၀ယ်ဖတ်ကြပေလိမ့်မည် ။ ထားတော့ ။ ခက်သည်က အနှီ နိုင်ငံတကာ
က ထုတ်ဝေကြသည့် ဘုတ်အုပ်ကြီးများကို ဘာသာပြန်ဆိုကြသည့် ကျွန်ုပ်တို့ ၏
မြန်မာပြည်မှ ဘာသာပြန်ဆရာများကြောင့်သာ လျှင် ဖြစ်ကြချေ သည် ။ စင်စစ် သူတို့ 
မှာ ဘာအပြစ်မှ မရှိ ။ သင်တို့ ဆီမှ အားချင်းထုတ်ဝေသည့် ဘုတ်အုပ်ကြီးများ ကို
အားချင်းဘာသာပြန် ၊ အားချင်းရိုက်ထုတ် ၊အားချင်းဖြန့် ဝေ ၊အားချင်း ရောင်းချရ
သည်မှာ သိပ်ပင်ပန်းလှသည် ။ ဘာသာပြန်ဆရာတို့ ၏ မေတ္တာစေတနာ ကို အပြစ်
ပြောစရာ မရှိလှပါ ။ ပြောချင်သည်က ဈေးနှုန်း ပင် ဖြစ်ချေသည် ။ ဘာသာပြန်
တစ်အုပ်လျှင် မြန်မာကျပ်ငွေ တစ်သောင်းမှ တစ်သောင်းခြောက်ထောင် လောက်အထိ
ရှိခြင်းကိုက အတော့်ကို ဦးနှောက် ခြောက်စရာ ကောင်းလှပါသည်။ ကျွန်ုပ်တို့ လို လူ့ အန္ဓ
များ အနေဖြင့် အသပြာငွေ တစ်သောင်း ခြောက်ထောင်ကို စီစီစစ်စစ် သုံးစွဲမည် ဆိုလျှင်

၁ ) လန်ဒန် စီးကရက် တစ်တောင့်ကို ၀ယ်ယူသောက်သုံးခြင်း
၂) မာတီနီ တစ်ပုလင်း သောက်ပြီး ၅သုံးလုံး ၂ ဘူး ၀ယ်ခြင်း
၃) ကျန်းမာရေး အတွက် တစ်ဆက်ရှင် ကို ၂၅၀၀ ကျပ်ဖြင့် ၆ ခါတိတိ
အနှိပ်ခံခြင်း
၎) ဂေါက်သီး အလုံးတစ်ထောင် (တစ်လုံး ၁၅ ကျပ်) တိတိ ရိုက်နိုင်ခြင်း
၅) ကာရာအိုကေ သုံးဆက်ရှင် တိတိ သွားရောက် သီဆိုနိုင်ခြင်း
၆) ဓာတ်ဆီ ၆ဂါလံ ၀ယ်ထဲ့ပြီး ပဲခူး ဘုရားဖူး ထွက်နိုင်ခြင်း
၇ ) သူငယ်ချင်း အပို ၂ယောက် ခေါ်ပြီး အလှပြင်ဆိုင်မှာ မျက်နှာသစ် ချေးချွတ်
နိုင်ခြင်း
၈ ) စွမ်းအားအလင်း ဆိုင်တွင် ပန်းကုံး ၅ ကုံးတိတိ စွပ်နိုင်ခြင်း
၉) ဒံပေါက် ၁၀ ပွဲ တိတိ ၀ယ်စားနိုင်ခြင်း (သွေးတိုးတာ မတိုးတာ နောက်ကိစ္စ)
၁၀ ) ကြေးအိုးပွဲကြီး ၈ ပွဲ ၀ယ်စားနိုင်ခြင်း
၁၁) ကုသိုလ် ပြုလိုသူ အနေဖြင့် နေပူခံကျောက်ပြား ၁၀ချပ် ဘုရားမှာ
လှူနိုင်ခြင်း

စသည့် ကိုယ်သန်ရာ သန်ရာထဲမှ တခုခုကို ဇောက်ချ လုပ်နိုင် ပါချေမည်။
ထိုသို့ မဟုတ်ပဲ သင့်အကြောင်း ရေးထားသည့် ဘာသာပြန် စာအုပ်ကိုသာ
ဝယ်ယူဖတ်ရှုမိလျှင် ခေါင်းကိုက် ၊ ဇက်ကြောတက် ၊ မျက်စိညောင်းပြီး
အခန့် မသင့်လျှင် ခါးပါ နာသွားနိုင်ပါသည် ။

ထို့ ကြောင့် စေ့စေ့တွေး ရေးရေးပေါ် ဆိုသလို တကယ် တာဝန်ရှိနေသည်က
အသင်သာလျှင် ဖြစ်ချေသည် ။ အသင်သာ ခရီးမသွားလျှင် ၊ သမ္မတ မဖြစ်လျှင်
သင့်အဖေဆီမှ အိပ်မက်တွေ အမွေမရလျှင် ဘယ်သူမှ သင့်အကြောင်း
ခေါင်းခြောက်ခံပြီး ဘုတ်အုပ်ရေးကြလိမ့်မည် မဟုတ်ပါ ။ ကြည့်လေ……………
ကျွန်ုပ် သူငယ်ချင်း မောင်မောင်မြင်း ကို မည်သူက ဘိုင်အိုဂရပ်ဖီ ထုတ်ပါရစေ
မစ္စတာမြင်း ရယ်လို့ များ လာဖူးသနည်း ။ ကျွန်ုပ်ကိုရော…………. ကိုသူကြီးရဲ့ 
နေပြည်တော် ပျဉ်းမနား ခရီးသွား ဆောင်းပါး အကြောင်း မေးပါရစေ ဟု အဘယ်သူ
လာမေးဖူးသနည်း ။ ကျွန်ုပ်တို့ ၏ မူဝါဒသည်ကား သိပ်ချောသော ၊ သိပ်ပညာတတ်
သော ၊ သိပ်ချမ်းသာသော ၊ သိပ်ကို သြဇာအာဏာ ကြီးမားသော ယောက်ျားများကို
မသိသလို အဖက်မတန် မဆက်ဆံ ခြင်းပင် ဖြစ်ချေတော့ရာ ကျွန်ုပ်အနေဖြင့်
သင့်ကို ပြောချင်သည်ကား အသင့်အကြောင်း စာအုပ် မျိုးစုံကို လုံးဝ မဖတ်ရှုချေပါ
ဟု အတိအလင်း ကြေငြာခြင်းသာလျှင် ဖြစ်ပါချေတော့သည် ။

Wednesday, June 24, 2009

ကျွန်တော်နှင့် ကာလ်ချရယ်လ် ရှော့ခ်

အမှန်ပြောရရင် ဒီကိုစရောက်ခါစက မနေတတ်ဘူး ဖြစ်နေတယ် ။ဘာလို့ ဆို
စင်ကာပူပဲ ဖြစ်ဖြစ် ၊ရန်ကုန်မှာပဲ ဖြစ်ဖြစ် ဘယ်အချိန်မဆို လူတွေက မပြတ်တမ်း
ရှိနေတာ တစ်ကြောင်း ၊ ညလုံးပေါက် ဖွင့်တဲ့ဆိုင်တွေ ၊ မိုးအလင်းဖွင့်တဲ့ဆိုင်တွေ
ဆိုတာကလည်း ရှိတာတစ်ကြောင်းဆိုတော့ ဗိုက်ဆာရင် ၊ အအေးသောက်ချင်ရင်
ရွှတ်ခနဲ ကောက်ဆင်းသွားလို့ ရတယ် ။ ၀ါသနာပါလို့ ဘီယာလေးငုံချင်တယ်
ဆိုရင်တောင် ရသေးတယ် ။ ခုကျတော့ ဒီလိုမဟုတ်ဘူးလေ။ ကိုယ်ကျင်လည်ခဲ့ဖူးတဲ့
နေရာ၊ ကိုယ်ကျွမ်းကျင်တဲ့ အရပ်လဲ မဟုတ် ၊ ရာသီဥတုကလည်းအေး ၊ လမ်းပေါ်မှာ
လည်း ညမပြောနဲ့  နေ့ ခင်းဘက်တောင် လူကသိပ်မရှိဆိုတော့ ရောက်စမှာ
နည်းနည်း တော့ ကျွတ်ကျဲတာ အမှန်ပါပဲ ။ ဒီကြားထဲ နွေဦးပေါက်ကာလသာ ပြောတာ
ပြီးခဲ့တဲ့ ၇ ရက်လုံး မိုးတွေအုံ့ ပြီး နေရောင်ကို မမြင်ရတာဗျာ လူလည်း ပီကင်းဘဲကင်လို
ဖြစ်နေပြီ။ သြော်… ကမ္ဘာဦးလူသားတို့  နေရောင်ကို မြင် တော့ ကိုးကွယ်ကြတယ်
ဆိုလား သမ္မာကျမ်းထဲကလို ဖြစ်နေပါလေရော့ ။ ဒီလောက်တောင် စွမ်းအင်ကြီးတာ
ပါလား နေရယ် ။ သူငယ်ချင်း ကိုနေ ခေါ် ရှည်ရှည် ဘ၀င်မြင့် မသွားရဘူးနော် ။

အဲဒါပြီးတော့ နောက်တခုက ကလေးတွေ ပျောက်ကြတဲ့ ကိစ္စ ၊ အရေးတော်တော်ကြီး
ပါတယ် ။ ကလေးပျောက်ပြီး ပြန်မလာတာတို့ ၊ ကလေးရော အမေရော ပျောက်နေတာ
တို့ ၊ နာနီနဲ့ ကလေးပျောက်သွားတာတို့ ၊ ပြန်တွေ့ ရင် အကြောင်းကြားပါ ဒေါ်လာ ၆သောင်း
ပေးပါ့မယ် ဆိုပြီး မီးပွိုင့်တွေ မှာ စာကပ်ထားတာတို့ ဆိုတာတွေ မြင်ရတာ အတော့်ကို
ခေါင်းစားစေပါတယ် ။ ကိုယ့်မှာလဲ ကလေးတဘက်နဲ့  ဆိုတော့ ကလေးပျောက်တဲ့ မိဘတွေ
ဆိုရင် ရင်ပူရှာမှာပဲ ဆိုပြီး ကိုယ်ချင်းစာ မိပါတယ် ။ အဲဒီတခုလည်း နဲနဲ ကျွတ်ကျဲတာ
ပေါ့ဗျာ ။ ပြောသာပြောရတာ ကိုယ်က သူဌေးကြီးလည်း မဟုတ် ၊ ဂန်းစတားလည်း မဟုတ်
ဆိုတော့ ပြန်ပေးဆွဲမဲ့ ဆရာသမားတွေကလည်း ကိုယ့်တော့ ဒုက္ခခံပြီး ဘယ်လုပ်မှာလဲနော့ ။

နောက်တခု က ဟိုက်ဝေးလမ်းမကြီးတွေပေါ်မှာ ကိုယ့်ဘာသာကိုယ် သတ်မှတ်အရှိန်
တနာရီ မိုင် ၈၀ လောက်နဲ့ မောင်းနေတုန်း တနာရီကို မိုင် ၁၂၀ နှုန်းလောက်နဲ့ 
ဟိုလမ်းက၀င် ၊ ဟိုဘက် လိန်းကိုထွက် ၊ ရှေ့ ကကားကိုကျော်တက် စတဲ့ ရူးကြောင်ကြောင်
ဒရိုင်ဘာ တွေကလည်း လူကို နည်းနည်း တုန်လှုပ်စေပါတယ် ။ တချို့ ကတော့ YOUTUBE
ထဲပါပြီး နာမည်ကြီးရပြီးရော လုပ်တာပေါ့ လေ ။ ဒါပေမဲ့ အခန့် မသင့်ရင် ရဲကားနဲ့ တွေ့ ၊
ရဲကလိုက် သူတို့ ကပြေး နဲ့  ကိုယ့်ကားလိန်းထဲ ၀င်လိုက် ထွက်လိုက် နဲ့  တခါတခါ
ကြည့်ကောင်း တယ် ထားဦး ခေါင်းစားတာတော့ အမှန်ပါပဲ ။

နောက်ဆုံးလောလောလတ်လတ် တခုက နေ့ ခင်းကြောင်တောင်ကြီးတောင် ဓာတ်ဆီဆိုင်
ထဲမှာ ဒမြ၀င်တိုက်တာ တွေပေါ့ ။ အခန့် မသင့်ရင် ကိုယ့်တောင် သေနတ်နဲ့ ပစ်သွားနိုင်
သေး ။ ဒါတောင် လော့စ် အိန်ဂျယ်လိစ် ဆိုတဲ့ မြို့ လည်ခေါင်ကြီးမှာပေါ့နော် ။ အထူးသဖြင့်
အဲသလို လုပ်တဲ့ လူစားတွေက အမဲကောင်တွေ များကြတယ်တဲ့ ။ ဒမြကိစ္စ ကတော့
သူများပြောလို့ သိရတာပါ ။

စင်ကာပူမှာ ကျတော့ လူတွေလည်း ကျပ်ညပ် ၊ နေ့ ခင်းဘက်ဆိုရင်လဲ ရှော့ပင် စင်တာ
တွေမှာလူအပြည့် ၊ စနေတနင်္ဂနွေ ကျတော့လဲ လူအပြည့် ၊ တိုးလိုက်ဝှေ့ လိုက်
ကျော်ခွလိုက် နဲ့  ဆိုတာကို အသားကျနေခဲ့ဖူးတဲ့ ကျွန်တော့်အနေနဲ့ ဒီက ယဉ်ကျေးမှု
ထုံးတမ်းစဉ်လာ ကို ဖြည်းဖြည်းချင်း လေ့လာ သင်ယူရဦးမှာပါဗျာ ။

ဆိုရရင် မြန်မာစကားပုံမှာ တရွာမပြောင်း သူကောင်းမဖြစ် တဲ့ ။ သူကောင်း ဖြစ်မဖြစ်တော့
မသိသေးဘူး ။ စိတ်ညစ်ရတာတော့ အမှန်ပါပဲ ။ ဒါပေမဲ့လေ ကိုယ်တယောက်ထဲမှ
မဟုတ်တာ ၊ ဒီလို ပဲ စွန့် စွန့် စားစား နဲ့ နေထိုင်နေကြတဲ့ ရွှေမြန်မာတွေရော ၊ တခြား အာရှ
တိုက်သားတွေရော ရှိနေတာ ဆိုတော့ သိပ်တွေးကြောက်နေလို့ လဲ ထူးမှာမဟုတ်ပါလေ
ဆိုပြီးတော့ပဲ နေထိုင်နေရ ပါတယ်။ ဖြစ်သွားမှာပါ လို့ ပဲ စိတ်ထဲမှာ ထားလိုက်ပါတော့တယ်
ခင်ဗျား ။

Saturday, May 23, 2009

ကားအကြောင်း ၊ ဒေသအကြောင်း ၊လူအကြောင်း တစေ့တစောင်း

ကျွန်တော်တို့ မိသားစု ဟာ စင်ကာပူရ က ထွက်လာပြီး ၁၈ နာရီကျော်
ကြာတဲ့ လေယာဉ်ကြီး စီးနင်းပြီး သကာလမှာ ခုချိန်ဆို တစ်ချိန်က
ခရစ္စတိုဖာကိုလံဘတ်စ် ရှာဖွေတွေ့ ရှိခဲ့တဲ့ မြောက်အမေရိကားတိုက်ရဲ့ 
ကယ်လီဖိုးနီးယား ပြည်နယ်က သမုဒရာဘေး ဆိုတဲ့ မြို့ ငယ်လေး တခုကို
ရောက်ရှိနေကြပါပြီ ။ ပထမဦးဆုံး သတိရမိတဲ့ သူကတော့ အရပ်မြင့်မြင့်
ဥာဏ်ရည်နိမ့်နိမ့်...........အို မှားပြန်ပြီ ဥာဏ်ရည်မြင့်မြင့် ကို တရုတ်ကြီး
ပါပဲ ။ ဘာလို့ဆို ဒီ လော့စ် အိန်ဂျယ်လိစ် အင်တာနေရှင်နယ် လေဆိပ်က
စထွက်ထဲက ကာဒီလက် တံခါးရှစ်ပေါက် ကားရှည်ကြီးမျိုး စတွေ့ ရတာရယ် ၊
ပြီးတော့ ဒီမှာ ဂျာဂွာ ၊ ဘီအမ်ဒဗလျူ ၊ ဖို့ ဒ် ၊ အော်ဒီ ၊ ပွန်တီယက် ၊ ခရိုက်
စလာ ၊ ဒေါ့ဂ်ျ ၊ ချက်ဗရိုးလက် ၊အကူရာ ၊ အင်ဖီနီတီ စတဲ့ အရောင်စုံ ဆိုက်စုံ
ထရပ်က် တွေ ၊ ၀က်ဂွန်းတွေ မျိုးစုံ တွေ့ ရလို့ ပါပဲ ။ အဲသလို ကားမျိုးကြီးတွေ
ကို သူငယ်ချင်း တရုတ်ကြီးသာ မြင်မိရင် အရမ်းအားရမှာပါ ။ သူက
ကားကြီးကြီး ခန့် ခန့် တွေ မက်တာကိုး ။ စင်ကာပူမှာ ကတော့ အင်မတန်
ရှားတာပေါ့လေ ။

ဒါပေမဲ့ ဒီမှာ သူတို့ လူမျိုးတွေ အစီးအများဆုံးကတော့ ဖို့ ဒ်ပါပဲ ။
ဖို့ ဒ် မတ်စတန်ဒ် ဆိုရင် အင်ဂျင်ပါဝါ ကတော့ ၄ လီတာ ဖြစ်ပါတယ် ။
သူတို့ လူမျိုးတွေကတော့ ဓာတ်ဆီ ၁ဂါလံ ၂ကျပ် ၆၈ ပြား လောက်ကို
ဘယ်ဂရု စိုက်မှာတုန်း ၊ မောင်းကြတာပေါ့ ။ ပြီးတော့ ဒီမှာက အနီးဆုံး
တစ်မြို့ ကိုသွားရင်တောင် မိုင် ၆၀ လောက် မောင်းရတာ ဆိုလေတော့
တော်ရုံ ကီယာ ပီကန်တို လောက် ၁.၁ လီတာ ဆို အရာမထင်ပါလေ ။
အေးရှန်း တော်တော်များများကတော့ ဂျပန်ကား ဟွန်ဒါ တိုယိုတာ
စီးကြတာ များပါတယ် ။ ပြောသာပြောတာပါ ။ ဒီမှာ ကီယာ ပီကန်တို ရယ်၊
တိုယိုတာ မတ်ခ်အိပ်စ် ရယ် မရှိပါဘူး ။ ထရပ်က် တချို့ ဆို တော်တော်ကြီး
ကိုမြင့်ကြတာပါ ။ တိုယိုတာ တာကိုမာ ဆိုရင် ၆ပေခွဲ လောက် မြင့်ပါတယ် ။
ဒပ်ဗယ်ကက်ဘ် တွေချည်းပဲ ဖြစ်ကြပါတယ် ။ တချို့ ဆို ရှော့ဘားတွေတောင်
အမြင့်ကြီး လုပ်ထားပါသေးတယ် ။ တောင်ကုန်းလမ်းတွေ လည်း သိပ်များ
တာကိုး ။ ပြီးတော့ စင်ကာပူရလို ကားအင်ဂျင်ပါဝါကြီးရင် Road Tax
လိုက်ကြီးမယ် ဆိုတာမျိုးလဲ မရှိရေးချ မရှိပါ ။ တောင်ကုန်းတွေ သိပ်များတော့
မသိရင် မေမြို့ ကလော ဆီ ရောက်နေသလိုပါပဲ ။ အိမ်ကတော့ တထပ်
သို့ မဟုတ် ၂ ထပ်ပဲ ဆောက်ကြပါတယ် ။ ပြီးတော့ အုတ်တွေ ဘိလပ်မြေတွေ
သုံးတာမရှိပါဘူး ။ ဘာလို့ ဆို ငလျင်ဒဏ် ကို အချိန်မရွေး ခံရနိုင် လို့ ပါ ။
ဟိုနေ့ ကတော့ LA မှာ ငလျင်လှုပ်တာ LA နဲ့ မိုင် ၁၀၀ ကျော်ဝေးတဲ့
ကျွန်တော်တို့ အိမ်ရှေ့ ခန်း ဘုရားစင် က သောက်တော်ရေ တွေတောင်
လှုပ်ပါလေရောလား ။ ဒီက Apartment တွေရဲ့ UNIT တိုင်းမှာ FIRE ALARM
ထားရှိကြပါတယ် ။ အိမ်ထဲမှာ ဆေးလိပ်သောက် ၊ ပြီးတော့ အိပ်ပျော် ၊ ဆေးလိပ်
မီးကျန်က ကော်ဇော ပေါ် ကျပြီး မီးလောင် ၊ လူတွေက မသိကြ ဆိုတဲ့ အမှုတွေ ၊
မီးလင်းဖို ကြောင့်လဲ အဲသလို အိပ်နေတုန်း မီးထလောင် တာတွေ ဖြစ်တတ်ကြတာ
မို့  အဲသလို တပ်ထားရတာပါတဲ့ ။

ပိုက်ဆံရှိ လူတွေကတော့ ဟိုး………….လူနဲ့ ဝေးတဲ့ ပေ ၂ ထောင် ၃ ထောင်
အမြင့်က တောင်ကုန်းအပေါ် တည့်တည့်မှာ နေကြပါတယ် ။ ရေ မီး အင်တာနက်
တော့ ရှိသပေါ့လေ ။ WWE က မုတ်ဆိတ်ဖြူ နဲ့ စွပ်ကျယ်အ၀ါ ၀တ်လေ့ရှိတဲ့
အဖိုးကြီး တစ်ယောက်ဆို အဲသလို တောင်ကုန်းပေါ်မှာ မိသားစုလိုက်
တက်နေကြပါတယ် ။ ကတ္တရာ လမ်းအမဲရောင်တွေ ကို သူတို့ အိမ်ထိပ်အထိ
ခင်းထားတာ အဝေးကကြည့်ရင် တော်တော်လှပါတယ်ဗျာ ။ ဒါပေမဲ့
ကိုယ်သာဆို သွားမနေ ရဲပါဘူး ။ သူဌေး ဆိုသူတွေတော်တော် များများ က
အဲသလို တောင်ကုန်း တွေပေါ်မှာ ၄ ဧက လောက်ကျယ်တဲ့မြေ ၀ယ် ၊ အိပ်ခန်း
၈ ခန်းလောက် အိမ်ကြီးဆောက် ။ ကားဆိုလဲ ၉ စီးလောက် မျိုးစုံ ၊ ငါးမျှားဖို့ 
စပိဘုတ်ဒ် အသေးနဲ့ ၊ သေနတ် ဆိုရင်လဲ ၄ ၊ ၅ လက်လောက်ကို လိုင်စင်နဲ့ 
ဝယ်ပြီး နေကြတာပါ ။ ညအချိန်မတော် လူတစ်ယောက် ၊ လူတစု ဓားတွေ
တုတ်တွေ သေနတ်တွေနဲ့ ဝင်လာရင် ၊ အန္တရာယ် ရှိတဲ့ တောကောင်တွေ
ဝင်လာရင် သေနတ်နဲ့ ပစ်ခွင့်ရှိပါတယ် ။ အာရှ နိုင်ငံ တွေမှာကတော့ သေနတ်
ကိုင်ချင်ရင် ရဲ ၊ စစ်သား ဒါမှမဟုတ် ဂန်းစတား လောက်မှ ကိုင်ရမှာ ပေါ့ ။

ပြီးတော့ ဒီလေကျ အသံတွေက အိုကေ ဆို အိုးခေ ၊ ဟွန်ဒါ ဆို ဟွန်းဒါ ၊
တိုယိုတာ ကို တိုယိုးတာ ၊ ရှုးဂါး ကို ရှော်ဂါ ၊ အင်္ဂလိပ် အက္ခရာ Z ကို ဇီ ၊
မာလ်ဘိုရို ကို မာလ်ဘိုးရိုလ် စသဖြင့် ပါပဲ ။ လူတစ်ယောက်ကိုတွေ့ ရင်လဲ
ဟိုင်း ဟောင်းအာယူ မလုပ်ပဲ ဟောင်းရာဒူးရင်း ပဲ လုပ်ကြပါတယ် ။ ပြီးတော့
ဒီမှာ လူကြီး လူငယ်တိုင်းလိုလို အနည်းဆုံး တော့ တက်တူး ၂ ရုပ်လောက်
ရှိကြပါတယ် ။ ခုလို မကြာခင် နွေပေါက်တော့မဲ့ အချိန်ဟာ တက်တူးထိုးစား
တဲ့ ပညာရှင်တွေ ငွေရွှင်ချိန်ပါ ။ လူတွေက ကမ်းခြေတွေ လျှောက်သွားပြီး
အပေါ်ဗလာ နဲ့ လူလုံးပြကြတော့မှာကိုး ။ ကျွန်တော်လဲ နောက် ၁နှစ်လောက်
ကျရင် အရုပ်တစ်ရုပ်လောက် တင်မယ် စိတ်ကူးမိပါတယ် ။ မိန်းမကတော့
သူ့ နာမည် ထိုးမှ ခွင့်ပြုမယ် ဆိုတာကြောင့် ပြီးပြီးရော အေးလကွာ ဆိုပြီး
ညာထားရပါတယ် ။ တကယ်ထိုးကာနီးကျမှပဲ မီးစင်ကြည့်က ရပါတော့မယ် ။
မက္ကဆီကန် တွေကိုတော့ ဒီမှာ ပဲ လို့ ခေါ်ပါတယ် ။ ပဲတွေ ။ ပဲမတွေ လို့ ခေါ်ကြ
ပါတယ် ။ သူတို့ က ပဲအမျိုးစုံ စားကြတယ်လေ ။ ရန်ကုန်က ပဲအစုံစားတဲ့
ကုလားတောင် ထိုင်ငိုသွားမှာ စိုးရပါတယ် ။ပြီးခဲ့တဲ့ ရက်ပိုင်းက ဈေးသွားဝယ်တော့ အရောင်းစာရေးမလေးက ပဲမလေး ပါ၊ ကျုဘ် အင်္ကျီ ၀တ် ၊ ချိုချဉ် တစ်လုံးငုံပြီး
ဈေးရောင်းနေပေမဲ့ လက်မောင်း လက်ဖျံ ၊ ပခုန်းမှာ အရုပ်တွေနဲ့ ချည်းပါပဲ ။ သူမရဲ့ 
သဘာဝ ပစ္စည်း ကိရိယာ တွေကတော့ မြင်ရသူကို အသက်ရှူ နည်းနည်း မှားစေ
ပါတယ် ။ ကျွန်တော်တောင် အိမ်ပြန်ရောက် တော့မှ ရေငတ်နေမှန်း သိရတာပါ ။
ထွားမား မေတ္တာ ဆိုတဲ့ တေးသီချင်း အလိုက်လေး ကို အမှတ်ရစေ ပါတယ် ။ ဒီက
တရားဝင်ရောင်းတဲ့ LIQUOR HOUSE မှာ JACK DANIEL’S မျိုးစုံ ၊ ၀ိုင်ဆိုရင်လဲ
အမယ်စုံ များစွာ တွေ့ ရလို့ ပါ ။ GENTLEMAN JACK 1 L မှ US$ 24 ပဲ ရှိပါတယ် ။
BLACK LABEL နဲ့ CHIVAS တော့ နည်းနည်းရှားပါတယ် ။ HENESSY VSOP တွေက
တော့ ဘာပြောကောင်းမလဲ ပေါမှပေါပါ ။ ပြီးတော့ MARLBORO ဘူးကြီးကို
US$5.29 ပါ ။ ပြောရရင် စင်ကာပူရ ထက် အရက်ရော ၊ ဆေးလိပ်ရော ဈေးသက်သာ
တာတော့ အမှန် ပါပဲဗျာ ။ ဒီမှာကလည်း နွေဦးရာသီတောင်မှ ညနေဘက်ဆို
ချမ်းစိမ့်စိမ့် ဖြစ်နေပြီ လေ ၊ ဆိုတော့ကာ နေညိုရင် လေပြိုသလို ရယ် ၊ရာသီဥတု က
အားကစားသမား အကြိုက် ဖြစ်နေတာရယ် လို့ ပဲ ပြောရတော့မှာပါ ။ ၀ိုင်တွေ
မြင်မိချိန်မှာ အစ်မကြီး လှလှပပ နုနုဖတ်ဖတ်လေး ကို သိပ်သတိရမိပါတယ် ။ ဟန်နက်ဆီ
တွေ မြင်ချိန်မှာ တော့ ဆရာစိန်တို့ ၊ ကိုတိန်တို့ ၊ရှည်ရှည် တို့ ၊ မြင်းတို့ ကို မျက်စိထဲ
ပြေးမြင်မိတာ အမှန်ပါ ဗျာ ။ သြော် ငါ့ဆရာတွေဆို ဒါလေး ကြိုက်မလား မသိဘူး
ဆိုပြီး တွေးမိတာပေါ့ ။

နောက်တခေါက် ကျမှ ယာဉ်မောင်းလိုင်စင် ဖြေတဲ့အကြောင်းလေးကို ဘော်ဒါတွေ
သိအောင် ရေးပါဦးမယ် ခင်ဗျာ ။ ဘော်ဘော်တွေကို သိပ်သတိရနေမိတာကိုတော့
မငြင်းနိုင်ပါဘူး ။

သိပ်သတိရနေတဲ့
သူကြီး ( Die Hard Fan of The ထွားမား မေတ္တာ )

Saturday, May 16, 2009

ပီအာတွေများ အပ်ကြဦးမလား.....

စင်ကာပူရမှာ အကြောင်းအမျိုးမျိုး နဲ့ နေထိုင်ပြီးကာမှ တခြား တစ်နိုင်ငံသို့ 
ပြောင်းသည်ဖြစ်စေ ၊ ကျန်းမာ ကြီးပွား ထီပေါက်ခွင့် များ စင်ကာပူရမှာ ကြုံပြီး
အုံးအုံးထ ၀က်ဝက်ကွဲ ကျိကျိတက် ဆွေခုနှစ်ဆက် မျိုး ခုနှစ်ဆက် စာ
ချမ်းသာကြွယ်ဝကာ အမိမြန်မာပြည်သို့ အပြီးပြန်မည် ဖြစ်စေ ပီအာ ကတ်ဒ်
ကိုပြန်အပ်ပြီး စီပီအက်ဖ် ထုတ်ယူလို့ ရပါတယ် ။ ရတာမှ SINGTEL ရှယ်ယာ ၀ယ်ထားတယ်ဆိုရင်တောင်အကောင့် ၃ ခုလုံးမှာ ရှိသမျှ ပိုက်ဆံအားလုံးကို
ပြန်ပေးပါတယ် ။ ဒါပေမဲ့ တခြား အင်ရှူးရန့် စ်တွေ ၀ယ်ထားရင် ၊ စပယ်ရှယ်
အကောင့်စ် ထဲကနေပြီး အင်ဗက်စ်မန့် တွေ လုပ်ထားရင် ဒါမှမဟုတ် အိမ်ဝယ်
ထားရင် ဆိုတဲ့ ကိစ္စ ရပ် များကိုတော့ ကျွန်တော် မသိရိုးအမှန်ပါ ။ ကျွန်တော်ကတော့
ဘာ ရှယ်ယာမှလည်းမရှိ ၊ ဘာအိမ်မှလဲ မရှိ ၊ ဘာကားမှလဲ မရှိ ဆိုတဲ့အတွက်
တခါတည်း လုံးခနဲ ခဲခနဲ ဆိုသလို ပြန်ရပါတယ် ။ ဒီ အင်ဖော်မေးရှင်း ဟာ စင်ကာပူမှာ
နေတာကြာပြီး မသိကြတဲ့ ၊ အလုပ်တွေ ပိနေပြီး စုံစမ်းဖို့ အချိန်မရတဲ့ သူများအတွက်
ရည်ရွယ်ပါတယ် ။ ပထမဦးစွာ

ပီအာကတ်ဒ် အပြာရောင်ကို လေးစုံလောက် လိုလိုမယ်မယ် မိတ္တူ ကူးထားလိုက်ပါ။

ပြီးတော့ ပတ်စပို့ ယူပြီး POSB Saving Bank Passbook မှာ IC နဲ့  ဖြစ်နေတာကို
ပတ်စပို့ နံပတ်နဲ့ ပြောင်းလိုက်ပါ ။ Passbook မရှိရင် ဘဏ်ကို ATM Card ပြလိုက်ပါ ။
Passbook အသစ်လုပ်ခ S$15 ကျပါလိမ့်မယ် ။ ကြည်ဖြူစွာ နဲ့ ပေးလိုက်ပါ ။
ဒီ Passbook က နောင်တချိန် အသုံးဝင်လို့ ပါ ။ မိတ်ဆွေမှာ POSB SAVINGS ACC
မရှိရင် ချက်နဲ့ ပဲ ပေးမှာဖြစ်ပါတယ် ။ အဲဒါတော့ ကိုယ်အဆင်ပြေ သလို ချိန်ဆပေါ့ ။

ပြီးတော့ SINGPASS ရှိရင် ကိုယ့်ရဲ့ နောက်ဆုံး Updated Balance ကို ၃ စုံလောက်
print ထုတ်ထားပါ ။

ပြီးရင် ICA Level 5 မှာ ပီအာ အဖြစ်မှ စွန့် လွှတ် လိုကြောင်း သွားပြောပါ ။
(ပတ်စပို့ ၊ ဓာတ်ပုံပါတဲ့ အ၀ါရောင် Re-entry ကတ်ဒ် ကြီး တပါတည်းယူသွား
လိုက်ပါ ။) ဘာကြောင့် စွန့် လွှတ် လိုကြောင်း ဆိုတဲ့ Letter of Explanation ကို
A4 စာရွက် အလွတ် ပေါ်မှာ ရေးပြီး တခါတည်း တွဲတင်ရပါတယ် ။
(အဲဒါတော့ကြိုက်သလို ကြိုရေးထားပေါ့)

အဲဒီမှာ ပြီးတာနဲ့ ပတ်စပို့ မှာ LAPSED ဆိုတာကြီး တုံး ထုပေးလိုက်ပါတယ် ။
ပြီးတော့ White Card တခုနဲ့ နေဖို့ စတေး ၁လ ပေးလိုက်ပါတယ် ။
ပြီးတော့ CPF Board ကို ပြဖို့ အတွက် စာ တစ်စောင် ပေးလိုက်ပါတယ် ။
Letter of Renunciation ဖြစ်ပါတယ် ။

ပြီးရင် အချိန်ရမည်ဆိုပါက တစ်ရက်မဆိုင်းပဲ Tanjong Pagar က CPF Building ၊
ဒါမှမဟုတ် နီးစပ်ရာ CPF ရုံး တခုခုကို အမြန်သွားလိုက်ပါ ။ အဲဒီမှာ ကိုယ့်ဘာသာ
ကိုယ် Online Withdrawal မလုပ်မိပါစေနှင့် ။ မှားသွားမှာ စိုးရိမ်လို့ ဖြစ်ပါတယ် ။
Walk-in Appointment လုပ်ပြီး Officer တစ်ယောက်ယောက် ရှေ့ ကျမှ
တခါတည်း Online လုပ်တာ ပိုကောင်းပါတယ် ။ အဲဒီမှာ POSB Bank Passbook
ရှေ့ စာရွက်ကို အဲဒီ Officer က မိတ္တူ ကူးထားပါလိမ့်မယ် ။

အားလုံးပြီးရင် စနေ တနင်္ဂနွေ မပါ E-Transaction နဲ့ ၁၀ ရက် ၊ Manual
Transaction နဲ့ ၁၅ ရက် စောင့်ရပါလိမ့်မယ် ။ E- Tran နဲ့ ကတော့ ပိုအဆင်
ပြေတာပေါ့လေ ။ Form တွေလဲ ဖြည့်နေစရာ မလိုတဲ့အပြင် ၅ ရက်ဆိုတာဟာ
လုပ်စရာ ရှိတာတွေ ကို သိမ်းကြုံး လုပ်လို့ ရတာကြောင့် ကျွန်တော်ကတော့
E-Tran နဲ့ ပဲ လုပ်လိုက်ပါတယ် ။

အဲဒီရက် အတောအတွင်းမှာ သူတို့ ဘာသာ စင်ကာပူ IRAS ကို မိတ်ဆွေ အနေနဲ့ 
အခွန် ပေးဖို့ ကျန်မကျန် စုံစမ်းမှာ ဖြစ်ပြီး အခွန်ကျန်နေရင် အဲဒီထဲက နေ နုတ်ယူထား
မှာ ဖြစ်တာကြောင့်ပါ ။

အားလုံးပြီးသွားရင် ပီအာအပ်ပြီး working days ၁၁ ရက်မြောက်နေ့ မှာ သင့်
ဘဏ် အကောင့် ထဲကို ငွေတွေ ၀င်နေတာ တွေ့ ရပါလိမ့်မယ် ခင်ဗျာ ။ ဒါမှမဟုတ်
နေ့ လည် ၂ နာရီ နောက်ပိုင်း ပီအာအပ်ခဲ့တဲ့ CPF ရုံးကို ပြန်သွားပြီး ချက်လက်မှတ်
သွားယူ ပေတော့ ပေါ့ ။ အဲသလို ၀င်လာတဲ့ ငွေတွေကိုတော့ မိတ်ဆွေဘာသာ
ချိန်ဆပြီး ကြိုက်သလို စီမံခန့် ခွဲနေတော့ပေါ့ လဗျာ ။ နော့ ။

မြန်မာနိုင်ငံသား အဖြစ်မှ စင်ကာပူ နိုင်ငံသား အဖြစ် ကူးပြောင်းပြီးကာမှ စီပီအက်ဖ်
ပြန်အပ် ၊ ပြန်ထုတ်မည် ဆိုသော ကိစ္စ ရပ်ကိုတော့ ကျွန်တော့်အနေနဲ့ လုံးလုံး
မသိတဲ့အတွက် မည်သည့် အင်ဖော်မေးရှင်းမှ မပေးလိုပါ ။ ကိုယ့်နည်းကိုယ့်ဟန်
နှင့်သာ ကြိုးစားဖြေရှင်း ကြဖို့ တိုက်တွန်းအပ်ပါသည် ခင်ဗျား ။

အတိုင်းအတာ တခုအထိ မိတ်ဆွေအတွက် အသုံးဝင်မည် ဆိုပါလျှင် ၀မ်းသာ
ရမည် ဖြစ်ကြောင်းပါ ။