Sunday, January 31, 2010

ဒုတိယအရွယ် မှ ဒုတိယ စိတ်ကူးများ

ချစ်ခင် စွာသော စာရှုသူ

ကျွန်တော် မောင်မောင် သူကြီး တစ်ယောက် လူ့ လောကထဲ ရောက်လာခဲ့သည်မှာ
အနှစ် နှစ်ဆယ် ကို မဆိုစလောက် ခပ်ပါးပါး ဆယ့်နှစ်နှစ် ၊ ၃ နှစ် စွန်းခဲ့ပြီး ဖြစ်သည်
ထင်ပါသည် ။ ၁၉၉၂ ခုနှစ် ၈ တန်း ကျောင်းသား အရွယ်က ရင်ခုန်လှုပ်ခတ်
တတ်သောအရွယ်သည် လည်း ကျန်ရစ်ခဲ့ချေပြီလေ ။ ကျွန်တော့် လိုပဲ လူ့ လောက
ထဲ မရှေးမနှောင်း ရောက်လာ ကြကုန်သော သူငယ်ချင်း အပေါင်းအသင်းများ
သည်လည်း ထိုနည်း နှင်နှင်ပါပေ ။ အိမ်ထောင်ကျသူကျ ၊ ကလေးရသူရ ၊ အိမ်နှင့်ခြံနှင့်
ကိုယ်ပိုင်ကား တွေနှင့် ဖြစ်ကုန်ကြသော ဘော်ဘော်တွေလည်း မနည်းမနောတော့
ပါပေ ။ အိမ်ထောင် ကျဖို့  စိုင်းပြင်းနေကြသူများ ကလည်း ကိုယ့်နည်း ကိုယ့်ဟန် နှင့်ပင်
လူသိ သူသိ မခံပဲ ဆင်ကြံကြံ ၊မြင်းကြံကြံ နှင့် ကြိတ် ချီတက် နေကြလေသည် တကား ။
(တိုက်ဆိုင်ရင် ခွင့်လွှတ်ပါလေ… ပွဲဖြစ်မှ ပြောတော့မယ် ဆိုပြီး ငြိမ်နေတော့ ပြောခွင့်
မရဘူး မဟုတ်ပါလား ၊ ) ။


ဆိုရသော် ကျွန်တော်တို့ သည် ဒုတိယအရွယ်ထဲကို မသိကျိုးကျွန်ပြုလျက်နှင့်ပင်
ဝင်ရောက် လာ ခဲ့ရချေပြီကော ။ အေးလေ ဆယ်တန်းအောင်ခဲ့တာတောင်
၁၆ နှစ်လောက် ရှိနေခဲ့ပြီ မဟုတ်ပါလား ။ ဆယ်တန်းအောင်ပြီး မိန်းမရသွားတဲ့
ဘော်ဒါတွေဆို ခု သူ့ သမီးတောင် ဆယ်တန်း လောက် ဖြစ်နေချေပြီ ။ အရင်က
ပိန်ချုံးပြီး ပါးတွေနားတွေ ချောင်နေတဲ့ ဘော်ဒါတွေ ဆိုလဲ ခုဆို ဗိုက်ကြီးက ပူလာ ၊
မျက်နှာတွေ ဖောင်းလာ ၊နှာခေါင်းတွေ နှာတံတွေ ပေါ်လာကြပေတာကိုး ။ မေးစေ့
ဆိုလဲ နှစ်ထပ် သုံးထပ်နဲ့ ။ အောက်မေးကြီး ရှေ့ ထုတ်ထားနိုင်တဲ့ ဆရာတွေ ဆိုလဲ
ပိုပြီးတော့တောင် အောက်မေး ထုတ်လာနိုင်သေး ။ တချို့ သူငယ်ချင်းတွေ
တောင်မှ ဆံပင်တွေပါး ၊ ရုပ်ရည်ကလဲ အိုစာ ၊ ဒီကြားထဲ မိန်းမက နှိပ်စက်သေးတာ
နဲ့ ဆိုတော့ လေးဆယ့်ငါးနှစ် လောက်ကို ထင်ချင်စရာတွေ ရှိနေတာကိုး ။
( မည်သူ့ ကိုမျှ မရည်ရွယ်ပါ ၊ တိုက်ဆိုင်မှုတွေ ရှိခဲ့ရင် ဘော်ဒါချင်း ထပ်မံ ခွင့်လွှတ်
စေချင်ပါသည် ၊ချစ်တီးဟု ကိုကိုတွတ်ဟု ထင်သူ ရှိပါက ထင်သူ၏ အမြင်သာ ဖြစ်ပါ
ကြောင်း) ။

၁၇ နှစ်သားတုန်းကထက် စာလျှင် အတွေးအခေါ်ရော ၊ အသိဥာဏ်ရော ၊ ဆင်ခြင်တုံ
တရား တွေ ရော ၊ ပိုင်ဆိုင်မှုတွေပါ မြင့်မားလာသည့်တိုင် နုပျိုမှု ဆိုတာကတော့
လျော့ပါးသွားခဲ့ရပြီ ဖြစ်ချေသည် ။ ထို့ အတူ ရိုးသားမှု ၊ မိုက်ရူးရဲဆန်မှု ၊မှန်တယ်ထင်ရင်
ဇွတ်တရွတ်လုပ်မှု ၊ အရွဲ့ တိုက်မှု တွေသည်လည်း နုပျိုမှု နှင့်အတူ မျောပါသွားခဲ့ရပြီ
မဟုတ်ပါလော ။ တခုတော့ ရှိသပေါ့ ။ အသက် ၃၃ နှစ်လောက် ရောက် နေတာတောင်
ထင်တာလုပ်တုန်း ဆိုရင်တော့လဲ သနားပါတယ် ဥာဏ်ရည်နိမ့်တာကိုး လို့ ပြောခံရမှာ
တော့ အသေအချာပါပဲ ။ (ပြောရင်လဲ ဒီဘော်ဒါတွေကပဲ လှည့်ပတ် ပြောမှာပါပဲ ) ။


ခုအရွယ်မှာလဲ ခေါင်းထဲမှာ ငွေဘယ်က ရမလဲ ၊ ဘယ်လောက်ဝင်မလဲ ၊ကလေး
ဘယ်တော့ ကျောင်းထား ရမလဲ ၊ အိမ်အတွက် ဘယ်လောက်စုရမလဲ ဆိုတာတွေပဲ
ရှိနေပါတော့သည် ။ နောင် ၇ နှစ် ၈ နှစ် ဆိုလျှင် အသက် ၄၀ ဆိုတာကို ရောက်ရပေ
တော့မှာကိုး ။ ကျွန်တော်တို့ ရဲ့  မိဘတွေ ဆိုရင်လဲ ယခင်က အသက် ၄၀ ကျော်
လောက် ဆိုပေမဲ့ ခုကျတော့ ခြောက်ဆယ်ကျော် ၊ ခြောက်ဆယ်နားနီး ဆိုတာတွေ
ဖြစ်လာကြပါပြီ ။ ဒုတိယ အရွယ်မှာ မိဘအတွက် ပူရတာနဲ့ ၊ သားသမီး အတွက်
ပူရတာနဲ့ လူတခု ပူမှုရယ်တဲ့ ဆယ်ကုဋေ ဖြစ်လာခဲ့ပြီ ။ တကယ့်ကို လွန်ခဲ့သော
အနှစ်နှစ်ဆယ် ၊ အစိတ်က ကျွန်တော်တို့ မိဘတွေ ဖြတ်သန်းခဲ့ရသော ဘဝ
ဆိုတာကြီးကို ကျွန်တော်တို့ လျစ်လျူရှုထား လျက်နှင့်ပင် ဖြတ်သန်းနေရပြီကော ။
ခု ကျွန်တော်တို့ ပူရမည့် အလှည့် ရောက်လာခဲ့ပါပြီ ။ ပူလည်း ပူနေရပြီ မဟုတ်လား ။
တော်ကြာ အမေ ဘာဖြစ်လို့ ၊ အဖေ လေဖြန်းလို့  ။ တော်ကြာ အမေက ဆီးချို တွေ
တက်လို့ ၊ အဖေက သွေးတိုးလို့ ဆိုတဲ့ အပရိက လေးတွေက အစ စိတ်တွေ ပူလာရလေ
သည် မဟုတ်ပါတကား ။ ကျွန်တော်ကိုယ်တိုင်လဲ အုန်းနို့ သာကူ စားမိပြီးရင် ခေါင်းထဲမှာ
ရိပ်တိတ်တိတ် ဖြစ်လာတာမျိုး ၊ ငယ်ငယ်က မသိခဲ့တဲ့ ညောင်းညာ ကိုက်ခဲမှုမျိုးတွေ ၊
အညောင်းမိတာတွေလဲ ဖြစ်တတ်လာခဲ့ပါပြီ ။ ( ဒါကြောင့်လဲ စာရေးတဲ့သူတွေ ၊
ပန်းချီဆရာတွေ အနှိပ်အနင်း ခံကြပေတာကိုး ။ ( အသိုင်းအ၀ိုင်းထဲမှ နာမည်ကြီး
စာရေးဆရာ ၊ပန်းချီဆရာများ သတိချပ်ပါလေ ။ စာတအားရေးပြီး ဘလော့ဂ် ပေါ်
တင်တဲ့ နာမည်ကျော် ဘလော့ဂ်ဂါ တွေလည်း ပါမှာပါပဲ ဥပမာ မာစတာကီးပေါ့ ) ။
တချို့ သူငယ်ချင်း တွေဆိုလည်း မိခင်ကြီး က မကျန်းမာ ၊ သွားစရိတ် လာစရိတ် တွေ ၊
ဆေးကုသခတွေ လှိမ့်ပြီး ကုန်နေတာ တောင် ရှိကြသေး ။ သနားစရာပါပဲ ။ အဲ…….
ဒါပေမဲ့ ချီးမွမ်းမယ် မှ မကြံသေးဘူး မိခင်ကြီး နေမကောင်းတာ အကြောင်းပြပြီး
ဆရာဝန်မ ချောချောလေး ယူမယ် ဆိုပြီး လေသံပစ်နေတာ ပါကလား ။
(ပြောသာပြောတာ ဆရာဝန်မ မဟုတ်လို့  ပိုက်ဆံရှာနိုင်တဲ့ မိန်းမလှလှ ရရင်လဲ
ယူမှာပါပဲ ၊ မသိတာမှတ်လို့ ) ။ ဒီအဆင်နဲ့  ဒီအဆင် ။ အဲလိုနဲ့  ဘယ်သူ့ ယူရ
ကောင်းမလဲ တွေးတောပြီး ခေါင်းမွှေးတွေတောင် ပြောင်တော့မှာ မဟုတ်ပါလော ။

အဲသလိုနဲ့  နောင် ၈ နှစ် ဆိုရင် အသက် ၄၀ ဆိုတာကို တကယ်ရောက်ရတော့မယ်
ဆိုတော့ ခုထဲကတော့ ငွေကြိုစုထားဖို့  လိုပါမည် ။ သို့ မှသာ လုပ်ချင်ရာလုပ်ရမည်
မဟုတ်ပါလား ။ ကျွန်ုပ် အသက် ၄၀ ရောက်ခဲ့ရင်ဖြင့် တခုလောက်တော့ လုပ်ချင်ပါသေး
သည် ။ တခြားမဟုတ် ၀ါသနာပါသော အနုပညာ အလုပ်ပါပေ ။ သင်္ကြန်သီချင်းလေးတွေ ၊
အချစ်စုံတွဲ သီချင်းလေးတွေ ကို ကိုယ့်တူမ အရွယ် ခပ်လန်းလန်း ဆယ့်လေးငါးယောက်
လောက်ဖြင့် Tape CD VCD DVD ထုတ်ဝေ ဖြန့် ချိပြီး ပျော်ပျော်ပါးပါး ဆိုချင်ပါသေးသည် ။
လှလှပပ ၂ ယောက် ၃ ယောက်လောက် ကောင်မလေးတွေ နဲ့ ပဲ လှည့်ပတ်ဆိုမယ်
ဆိုရင်တော့ ရသပေါ့ ။ ဒါပေမဲ့ တော်ကြာ မနာလိုသူ မိတ်ရင်းဆွေရင်း တွေက
မောင်သူကြီး ခွက်ကျတယ် ဆိုပြီး ရှေ့ မှာ ဘာမှ မပြောပေမဲ့ ကွယ်ရာမှာ အပုတ်ချနေကြ
ဦးမည် ။ (ရှုံး ဘာဖြစ်တုန်း ပြန်ရှာမှာပေါ့ ။) ( ရုပ်ဆိုးသလောက် အကြံပက်စက်တယ်
ဆိုပြီး အပြောခံရမှ အခံရ ခက်နေမှာကိုတော့ မလိုလားပါပေ ။ အဲသလို လုပ်ဖြစ်အောင်တော့
ခုထဲက အိမ်သူ သက်ထား ဇနီးမယား ကြီး ကို တော့ နည်းနည်း စည်းရုံး ထားရချေမည် ။
ကောင်းတာက ရှာလို့ ရသမျှ ကိုကြိတ်စုပြီး သူ့ ကို ပေးမသိတာ ပိုကောင်းမလား ၊
ပေးသိပြီးမှ ပြန်တောင်းရင် ကောင်းမလား ကတော့ မသိသေးပါပေ ။ ဒါမှမဟုတ်လဲ
သူရှာတဲ့ ပိုက်ဆံ ကိုယ့်ကိုပဲ အပ်ခိုင်းရင် ကောင်းမလား ။ ဒါဆိုရင်တော့ အတိုင်ပင်ခံ
ဆရာသမားများ နှင့် အခမဲ့ ဆွေးနွေး ကြည့်ဦး မှပါပဲ ။(ဒီလိုတော့ ပြန်ပင့်ပေးမှ )

တကယ့်တကယ် အခွေထုတ်ဖြစ်ရင်တော့ ပရိသတ်ကို မိမိ က လူပျိုလား လူလွတ်လား
အိမ်ထောင်သည်လား ဆိုတာကို ပေးမသိစေပဲ ပဟေဠိ လုပ်ပြီး ကံစမ်းမဲတောင်
ဖောက်ပေး ပါဦးမည် ။ ချောင်းသာ တို့ ငွေဆောင်တို့ လို ကမ်းခြေမှာလဲ ကလေးမလေး
တွေနှင့် ပျော်ပျော်ပါးပါး ပြေးကြလွှားကြ ရေကူးကြ ပုံများကိုလဲ နောက်ခံ ဘက်ဂရောင်း
ထားလို့  တင်ချင်ပါသေးသည် ။ နောက်တခု ရှိသေးတာက တစ်ယောက်တည်း
ကြိတ်လုပ်လျှင် လူအမြင်ကတ် ခံရမှာ ။ မသိသော သူများက ဆဲတာ ကို မကြားရ
သောကြောင့် မထောင်းတာ သော်ငြား လူရင်းတွေထဲက လှည့်ပတ်ဆဲလျှင် သေပြီဆရာ
ဖြစ်ရမည် ။ ပြီးတော့ တရုတ်ကြီး လို လူက သိပ်စိတ်ချရတာ မဟုတ် ။ မောင်မဲကို
ဘီယာအ၀တိုက် ၊ ပြီးမှ အမှောင်ထုထဲမှာ အကာအကွယ် ပြုခိုင်းပြီး ရိုက်စမ်းကွာ ဆိုမှ
ကိစ္စ များနေရမည် လေ ။ ကြောက်စရာ ။ ဆိုတော့ကာ သူငယ်ချင်းတွေထဲက ငွေရှိသူ ၊
မိန်းမပိုင်သူ ၊ နောက်ကြောင်း ရှင်းသူ များကို စည်းရုံးပြီး ဖီးချားရင်း ဆိုပေးပါကွာ လို့ 
အီစီကလီ နဲနဲ လုပ်ရမည် ။ သိတဲ့ အတိုင်းပဲ မစီးရတဲ့ ရထား ဆိုရင်တော့ ခဲနဲ့ ကို
ပေါက်မှာနော် ဆိုသော ဆရာသမား များ မဟုတ်ပါ တကား ။ အကယ်တန္တု
ခွေထုတ်လို့  လူသိပြီး အောင်မြင် ခဲ့ချေသော် မြတ်သမျှကို ဒင်းတို့ အား စာရင်းဖျောက်ပြီး
ပေးမသိသော်ငြား သောက်သောက်လဲ ခွက်ခွက်လန် ဂွမ်းခနဲ ရှုံးပြီ ဆိုရင် တော့ ဒင်းတို့ ကို
စာရင်းအတိအကျနှင့် နဲနဲစီ စိုက်ခိုင်းရမည် မဟုတ်ပါလား ။

တခုပဲ စိုးရိမ်စရာ ရှိတော့သည် ။ တခြားမဟုတ် အိမ်က မိန်းမပါပေ ။ အခွေထုတ်မလို့ 
ဟု တဲ့ကြီး ပြောချလိုက်လျှင် ကောင်းသားပဲ ၊မင်္ဂလာဆောင်တုန်းက ပုံတွေရော ၊
ကလေးမွေးတုန်းက ပုံတွေပါ နောက်ခံဘက်ဂရောင်း အနေနဲ့ ထည့်လေ ဆိုပြီး
ရိ ချင် ရိလိမ့်မည် ။ ပြီးတော့ အိမ်ထောင်သက် ဘယ်နှစ် နှစ် ရှိပြီ ။ ပတ္တမြား ရတု
တို့ ၊ ပုလဲရတု တို့  အစရှိတဲ့ ဘာမှန်းမသိတဲ့ ရတုကြီးတွေ ကို အမြင်ကတ်ပုဒ်မ နှင့်
ဒင်းက ထဲ့နိုင်သည် ။ အသက်ကြီးမှ ထချင်တဲ့ ဟာကြီး ဆိုပြီး ရှေ့ မှာ မဆဲပဲ ကွယ်ရာ
ကျမှ ကဖျက်ယဖျက် လုပ်နိုင်သည်လေ ။ ဒါမျိုးကို ရှေ့ မှာ ခံထားရတဲ့ မောင်မောင်တွတ်
ဆီက ပညာရထား ပြီးသားမဟုတ်ပါလော ။ ဆိုတော့ စင်ကာပူရမှ လေးစားရသော
ရှည်မျောမျော ဆရာနှစ်ယောက် လက်ရှိကျင့်သုံးနေသည့် လမ်းစဉ်အတိုင်း အိမ်က မိန်းမ
ကို ကျောင်းတက်ခိုင်းရမည် ။ အိမ်ကမိန်းမ ကျောင်းသွားလို့  စိတ်ထင်တိုင်း လွတ်လပ်မှု
တွေ ရပြီး နုပျိုလန်းဆန်းနေတာ မျက်မြင်သက်သေ ပင် မဟုတ်ပါလား ။ တော်ကြာ
လန်းလန်း လန်းလန်း စီးတီးဟောလ် မှာ တွေ့ လိုက် ၊ စာအုပ်ဆိုင်မှာ တွေ့ လိုက် ၊
ကော်ဖီဆိုင်မှာ တွေ့ လိုက် နဲ့  ဟု ကျွန်ုပ်က သတင်း အတိအကျ ရပြီး နေပြီလေ ။
မဟာ သိပ္ပံဘွဲ့ တွေ ၊ မဟာ ၀ိဇ္ဇာ ဘွဲ့ တွေ ၊ ဘွဲ့ လွန် နှစ်ထပ်ကွမ်း ၊ သုံးထပ်ကွမ်း ၊
ဒေါက်တာဘွဲ့  ရှိသမျှ ဘွဲ့ တွေရအောင် တက်ခိုင်းရမည် ။ ဒါမှ ကျောင်းစာ နှင့်
ပရောဂျက် နှင့် အဆိုင်းမန့် နှင့် ၊ အလုပ်နှင့် ၊ကလေး ကျောင်းကြိုပို့  ကိစ္စ တွေနှင့်
ရှုပ်ရှက်ခတ်နေမှ ကျွန်ုပ်၏ အနုပညာ ရေးရာ များအား ဒင်း လှည့်မကြည့်နိုင်မှာ
မဟုတ်ပါလား ။ မိန်းမကို ကျောင်းတက်ချင်စိတ် ရှိလာအောင် စည်းရုံး နိုင်သူရှိပါက
ထိုသူအား ရန်ကုန်သို့  ခေတ္တ ပြန်လာစေလို ပါသည် ။ ထိုမှသာ ကျွန်တော်
မောင်သူကြီး က ဘီယာအ၀ တိုက် ၊ ဆိတ်ကောင် လုံးကင် ကျွေး ၊ ၆ ဆက်ရှင်
တိတိ ငွေစိုက်ထုတ်ပြီး အနှိပ်ခံစေပါမည် ။ အနှိပ်သမ လေးများအား လည်း တစ်ပ်
ပေးစရာ မလိုအောင် စီစဉ်ထားပါမည် ။) ( စကားချပ် )

ကိုင်း မိတ်ဆွေတို့ ………….. ကျွန်ုပ်ကတော့ ခေတ်လူငယ်ပီပီ ခေတ်နောက်မှာ
မကျန်ခဲ့ရအောင် ခေတ်မှီ စိတ်ကူးများ ကြံစည်ပြီး ဖြစ်ပါသည် ။ မိတ်ဆွေတို့ လဲ
ခုထဲက ကြံထားဖို့ အထူးတလည် တိုက်တွန်းအပ် ပါကြောင်း ။ ၀ါသနာချင်း
တူရင်လည်း ရှဲ လုပ်ဖို့ ကို တံခါးဖွင့်ထား ပါကြောင်း ပါခင်ဗျာ ။

Saturday, January 30, 2010

ဟန်ဂေရီမှ ယာဉ်စည်းကမ်း

ယောက်ဖတော် ၏ ပြောကြားချက်ကို ကိုးကားပြီး ဟန်ဂေရီမှ ယာဉ်စည်းကမ်း
အကြောင်း ဖွလိုပါသည် ။ မှားခဲ့သော် ကျွန်တော့်အား မဆဲပါလေနှင့်
ချစ်စွာသော စာရှုသူ ။

ဟန်ဂေရီ က ကားလမ်းတွေ သိပ်ကောင်းဆိုပဲ ။ ဆိုတော့ကာ တနာရီ မိုင် ၈၀
သတ်မှတ်ပေမဲ့ ကားဆရာ များက ၁၂၀ ၊၁၃၀ အထက်ကို ကြိတ်ကြပါသည် ။
အစိုးရ က ဒဏ်တပ်လဲ တပ်တပ် ပဲ ဆိုတော့ ခေါင်းခဲ ရသည်ပေါ့ ။ အဲသမှာ
နောက်ဆုံးပေါ် အင်နိုဗေးတစ် ပရိုဂရမ် အရ ကားလမ်းဘေး မှာ အပင်ကြီး
အသီးထွား မိန်းမချော ကလေး များက ရေကူးဝတ်စုံတွေ ၊ ကောက်ညှင်းထုပ်
ဝတ်စုံတွေ ၀တ်လို့  ဖြည်းဖြည်းနော် ကိုကို ၊ မောင် သတိထား မောင်း ၊
သမီးကို ချစ်ရင် အရှိန်ကို လျှော့ပါ ၊ မီးနဲ့ နီးစပ်ချင်ရင် ၆၀ ပဲ မောင်းနော် အဟင့်
................. အစရှိတဲ့ ဆိုင်းဘုတ်များနဲ့  ဆွဲဆောင်မှု ကန်ပိန်း တခု လုပ်ကြပါ
သတဲ့ ။

သိတဲ့အတိုင်းပဲ အတောင်နှစ်ဆယ်ဝတ် မဟာ ပုရိသ များကလဲ ယောက်ျားချင်း
မလုပ်ပါနဲ့  ပြောရင်သာ လုပ် ဘာဖြစ်တုန်း နင့်အပူပါလား ဆိုသော်ငြား ခုလို
မိန်းမချော ခပ်လန်းလန်း ခင်မေထွား တို့ က ပြောတာ ဆိုတော့ တအားကို လိမ်မာ
ယဉ်ကျေးပြီး တနာရီ မိုင် ၆၀ သတ်မှတ်ရင်တောင် ၁၅ ၊ ၂၀ လောက်ပဲ မောင်းပြီး
လမ်းဘေးဝဲယာ တ၀ိုက်ကို ဘယ်ညာ လှဲ့ ကာ ငန်းတော်မူကြသတဲ့ ။
သြော်..... သဘာဝတရား ။

အဲသမှာ ကားတွေကျပ် ၊ယာဉ်ကြောတွေ ပိတ်ကုန်ပြီး အလုပ်နောက်ကျ ၊
ကျောင်းနောက်ကျ ဆိုတဲ့ ကိစ္စ၀ိစ္စ ရပ်များ ဖြစ်ပွားတော် မူကြပါသတဲ့ ။ ကောင်းချက် က
ကမ်းကုန် ဆိုတော့ နောက်ထပ် ပေါ်လစီ တရပ် ထပ်ချမှတ်ရတော့မယ် ဆိုပဲလေ ။

သူများနိုင်ငံတွေများ ကောင်းလိုက်တာ ။ ရွှေပြည်သာ မှာ ပျော်ပါနေခြည် ဟန်ဂေရီကို
ကိုယ်တစ်ယောက်တည်း သွားပြီ ဆိုတာမျိုးများ လုပ်လိုက်ချင်စမ်းပါဘိ ။
ကားမောင်းကြမ်းသော မောင်တရုတ်ကြီး ၊ဒါရိုက်တာကြီး မောင်မောင်မဲ တို့  သတိချပ်ပါလေ ။
ကျန်သော ဘော်ဒါများလဲ သရေတမြားမြား ကျနေပြီ ဆိုတာကို မောင်သူကြီး အင်ကျူးရှင်း
ဖြင့် စိတ်ထဲက သိနေခဲ့ပြီလေ တကား ။