Thursday, April 23, 2009

မေတ္တာစာ

တစ်အိမ်ထဲနေ ပီတာဖခင် က တစ်နှစ်သုံးလသား အရွယ် ဥမမယ် စာမမြောက်
သားမောင်ထံပေး မေတ္တာစာ

ထစ်ကနဲဆို စီကနဲ ညံကနဲ ဘာထဖြစ်ချေမလဲ၊ ဘာနဲ့ များ ညပ်နေပြီလဲ ဟု အမြဲလိုလို
မိဘရဲ့ ရင်ကို လှုပ်ခါတုန်ယင်မှု အပြည့်ပေးနိုင်စွမ်း ရှိချေသော ၊ လိုချင်တာမရရင်
အသံပြဲကြီးနှင့် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ဖြဲ တတ်ချေသော ၊ လက်ထဲတခုခု
ရပြီးလျှင် ထွက်ပြေး တတ်ချေသော အူတုန်သည်းတုန် အူလှိုက်သည်းလှိုက် ချစ်ရပါ
ချေ သော သားတော်မောင် ။

ဦးစွာမဆွ ပထမ ချစ်ဖေဖေ ပြောကြားလိုသည်မှာ သားမောင်ကြီးပြင်းလာလျှင် ဖေဖေ
တို့ ခေတ် ကကဲ့သို့  ဆရာဝန်၊ စစ်ဗိုလ် ၊ အင်ဂျင်နီယာ ဖြစ်ကိုဖြစ်ရချေမည် ဟု အတင်း
အကျပ် ဖေဖေ မတိုက်တွန်းလိုလှ ပါလေ ။ သားမောင် ၀ါသနာ ပါသည်ရှိသော် ဆရာဝန်
ဖြစ်ပြီးကာမှ စာရေးခြင်း ၊ ဆေးကျောင်းပြီးမှ ရုပ်ရှင် ရိုက်ခြင်း ၊ ပန်းချီစပယ်ရှယ်
ဆွဲတတ်ကာမှ ဒါရိုက်တာလုပ်ခြင်း စသော အလုပ်မျိုးကိုလည်း ဖေဖေ မကန့် ကွက်
ချေပါ ။ အနို့ သော် ဖေဖေ့ ဆန္ဒ ကို အနည်းငယ်မျှ လှစ်ဟရသည် ရှိချေသော် သားမောင်
ကြီးလာလျှင် အင်မီဂရေးရှင်း အာဏာပိုင် ၊ သို့ မဟုတ် သံရုံးဝန်ထမ်း ၊ သို့ မဟုတ် ထိုသို့ 
အလားတူ အခွင့်အာဏာ ၊ သြဇာ ရှိမည့် တခုခု ကို ဇောက်ချလုပ်ပြီး ပြည်သူလူထုကို အော်ဟစ်ဆဲဆိုငေါက်ငန်း မောင်းထုတ် ..... အဲလေ.. ယောင်လို့ အလုပ်အကျွေးပြု
ပါလေ ။ဘဇာကြောင့်နည်း ဆိုသည်ကိုလည်း ဖေဖေ ရှင်းပြပါ့မည် ။

ဖေဖေ ကြုံဆုံခဲ့ဖူးသော စင်ကာပူရ မှ အင်မီဂရေးရှင်း အော်ဖစ်ဆာ အရာရှိမမကြီးဆိုလျှင်
မျက်နှာ ရှစ်ခေါက်ချိုးကြီးနှင့် ဖြစ်ပါသည် ။ လူ ၂ ယောက် ၊ ပတ်စပို့ ၂ ခု နှင့် ပီအာကတ်ဒ်
၂ ခု ကိုထုတ်ပေးပြီးသား ဖြစ်လျက်နှင့် ပတ်စပို့ လှန်ကြည့်ရမှာကို ပျင်းရော့ထင့် ။
ဒီပတ်စပို့ ၂ ခု နဲ့ ပီအာကတ်ဒ် ၂ခုကို သူ့ ဟာနှင့်သူ စီပေးပါ ဟု ပြောသည်မှာ သားဖေဖေ
၏ စိတ်ကို နှိုးဆွ စေပါသည် ။ ဖေဖေ့မှာသာ လက်ထဲ သေနတ်ရှိနေလျှင် သူ့ ကို တည့်တည့်
ပစ်ချလိုက် ချင်စိတ် ဖြစ်လာအောင် မော်တီဗိတ်တက်ဒ် လုပ်နိုင်သည်မှာ နည်းနည်းနောနော
အစွမ်းအစ မဟုတ်ပါပေ ။ ထို့ပြင်တစ်ဝ တစ်လောကလုံး သူ့ လုပ်စာ စားနေသည့်အလား
မျက်နှာကို မဲ့ထား ရွဲ့ ထားသည်မှာ လွန်စွာအားရစရာ ဖြစ်ပါသည် ။ အင်မတန်မှလည်း ကြည့်ကောင်းလှပါသည် ။ စိတ်မခိုင် ယိုင်နဲ့ သည့် အရှေ့ဥရောပ တိုက်သားမျိုး ဆိုလျှင်
ထိုမျက်နှာကြီးကို လက်သီးနှင့် ဆွဲကိုထိုးချေမည် ဟု ဖေဖေ ရဲရဲကြီး အာမခံပါသည် ။
အနို့ သော် ထိုအာဏာပိုင် တို့ ကို မည်သူကမျှ ပြန်လှန် ခံမပြောရဲကြချေပါ ။ အဲသဟာ
ကိုက ထူးခြားဆန်းပြားသည့် ဖန်တီးမှု အနုပညာ တခုပင် မဟုတ်ပါပေလော
သားတော်မောင် ။ ဒစ်စ်ခရစ်မီနိတ် အလုပ်ခံရလေခြင်း ဟု ဖေဖေ ယောင်လို့ တောင်
မတွေးမိပါ ပေ ။


နောက်ပြီးတော့ အမေရိကန် သံရုံးမှ တရုတ်မ တစ်ဦးဆိုလျှင်လည်း ထိုနည်း နှင်နှင်ပင်
ဖြစ်ပါသည် ။ မျက်နှာကိုမော့၊ ခါးကိုကော့ ၊ မျက်လုံးပြူးပြီး လမ်းလျှောက်နေသည်မှာ
လူကမြေပြင်ပေါ် ကျန်ခဲ့ပြီး မျက်နှာက ကောင်းကင်ပေါ် ရောက်နေသည့် အလား
ဖြစ်ပါသည် ။ အနုပညာ စစ်စစ်ပင် ဖြစ်ပါသည် ။ စကားပြောလိုက်လျှင် လည်း
အထက်စီး နှင့် မာမာထန်ထန် ပြောပုံမှာ ဖေဖေတို့ ပင် မပြောနှင့် သူတို့ အမေရိကန်
လူမျိုး မျက်နှာဖြူ အမျိုးသမီး ကိုယ်တိုင်ပင် ကုန်းကိုက်ချင်စိတ် ဖြစ်လာအောင်
စွမ်းလှပါချေသည် ။ သို့ သော် ထိုမျက်နှာဖြူ မ ကလည်း သူမကို ဘာမှ ပြန်ကို
မပြောရဲချေပါ ။ကြည့်…………..ဘယ်လောက်တောင် ကြည်နူးဖို့ ကောင်းပါလေ သနည်း
သားမောင် ။ ဖေဖေတို့ ၊ ထို မျက်နှာဖြူ မ တို့ ၊ တခြားသော ကာစတန်မာ တို့ ဆီမှ ရသော ငွေကြေးကိုလခ အဖြစ်စားသောက်ပြီး ဖေဖေတို့ ကို ခပ်မာမာ ပြောပစ်သည်မှာ လေးစားစရာ ကောင်းလှပါသည် ။ သားမောင်လည်း တစ်နေ့  သောအခါ ထိုကဲ့သို့ သော
နလပိန်းတုံး များကို အော်ဟစ်ငေါက်ငန်းပြီး ထိုသူတွေ ဆီမှ ရသော ငွေကြေးကို လခအဖြစ်
အားပါးတရ သုံးစား မရချေဘူးဟု အဘယ်သူ ပြောနိုင်ချေမည်နည်း သားမောင် ။
အနုပညာ ဆိုသဟာ ……………ဒါမျိုးပဲ ဖြစ်မနေသင့်ပါဘူးလား သားတော်မောင် ။

နောက်ထပ် အဖြစ်အပျက် တခုကိုလည်း ဖေဖေ ပြောပြရပါဦးမည် ။ အဆင့်မြင့်ပညာ
ဌာန သို့ သွားရာလမ်းတွင် ထိပ်မှာ အပေါက်စောင့် ဂိတ်ရှိပါသည် ။ တစ်နေ့ သောအခါ
သားဖေဖေ နှင့် မေမေတို့ သွားကြရာဝယ် ဖေဖေ့မှာ ကားလိုင်စင်ပဲ ပါလာပြီး မှတ်ပုံတင်
ပါမလာချေပါ ။ အဲဒီဂိတ်က အနှီအကြင် မိန်းမသည် မှတ်ပုံတင် မပါလာရင် မ၀င်နဲ့ ….
ဘယ်လိုပဲ… ဘယ်ချမ်းသာပဲ.............ဟု နားဝင်ပီယံ ချိုတေးသံ လွှင့်နေသည်မှာ
သိပ် စိတ်ချမ်းသာရပြီး အနှီကြည်နူးမှုက ဖေဖေ့ဆီသို့ ကူးစက်လာကာ ဖေဖေကိုယ်တိုင်
ပင် အားပါးတရ ဖရုသ၀ါစာ…………...အဲ....မှားလို့ ………………………… ပီယ၀ါစာ
စကားလေးတွေ ပြန်ပြောလိုက်ချင်စိတ် ပင် ဖြစ်လာပါတော့သည် ။ အနို့ သော် ဖေဖေ
ပြန်ပြောလိုက်လျှင် လှပသော ငါးစိမ်းတန်းကလေး သဖွယ် ဖြစ်မှာကို သားမေမေ က
စိုးရိမ်ရှာသည်လေ ။ အနို့ ကြောင့် ဖေဖေ့ကို ဂိတ်ထိပ်မှာပဲ နေခဲ့စေပါသည် ။အနှီ
မိန်းမဘက်က ကြည့်သည်မှာ မှန်နေသည်လေ ။ လူမှန်သမျှ မှတ်ပုံတင် ယူလာကြ ။
မှတ်ပုံတင် မရှိသေးသော ၊ မရသေးသော ဆယ်တန်း ကိုးတန်း ကျောင်းသားလေးတွေ
လှိမ့်သာ ခံပေရော့ ။ ကိုင်း………………ကြည့် မကောင်းလှ ပေဘူးလား သားတော်မောင် ။
အနှီ မိန်းမသည်လည်း ထို ကိုးတန်း ဆယ်တန်း ကျောင်းသားကျောင်းသူ တွေပေးသော
ချလံများမှ လခ ရနေသည်လေ ။ ထိုသို့ လခရနေပြီး ထိုသို့  ပြန်အော်ခွင့် ရသည်မှာ
နည်းသော အခွင့်အရေး မဟုတ်ပေလား သားမောင် ။ ဒါသည်လည်း……….............
ခရီရေးတစ်ဗ် အတ်ထ် ပင် မဟုတ်ပါချေလော သားမောင် ။

သူတို့ အနေဖြင့် စကားကို ချိုချိုသာသာ ပြောဖို့ မလိုအပ်တာကိုက ဖေဖေ့ ရင်ကို လွန်စွာမှ
ရိုက်ခတ်စေပါသည် ။ ဒါကြောင့် သူတို့ ကို ဖေဖေ လွန်စွာ အားရမိပြီး သကာလ
သားမောင်ကို ထိုသို့ သော အလုပ်မျိုး လုပ်စေချင်သည်မှာ ဖေဖေ့ စေတနာ သန့် သန့် 
ကလေးပင် ဖြစ်ပါချေ ပေတော့သည် ချစ်ကလေး သားမောင် ။ ဖေဖေ့ ဆန္ဒ ကို လိုက်လျော
သည့် အနေဖြင့် လုပ်ကိုင်ကြည့်ပါလား သားတော်မောင် ။

5 comments:

ZT said...

စာက ရေးထားတယ်လေ။ အင်မီဂရေးရှင်း အော်ဖစ်ဆာကို ကြိမ်းမောင်းရင် ဘာဖြစ်မယ် ဆိုလား။ အဲဒီတော့ သူတို့မှာ ပြောအားရှိတာပေါ့။ :D

Anonymous said...

wow--
very nice comment for our new generation.
Congrat..

Anonymous said...

တော်ပါပေတယ်။ သူကြီး အမြော်အမြင်ကြီးလှပါပေတယ်။
သမီးလေးရှိလာမယ်ဆိုရင် သားမောင်နဲ့ စကားကမ်းလှမ်းပါရစေ။
:)

ကိုပေါ said...

အစစ်ပဲ။ အဲသည်လို အော်ဖစ်ဆာတွေနဲ့ တွေ့ရတာ လူ့တန်ဘိုး ကျသဗျာ။

Doughnut IO said...

ကြိမ်းမောင်းစရာတော့မလိုဘူး။ ဒါပေသိ ကိုယ့်ကို ဗလိုင်းကြီး ကြိမ်းမောင်းရင်တော့ တိုင်တောနိုင်ပါတယ်။