Friday, December 25, 2009

ကျွန်တော် နှင့် ဆောင်းအမှီ

ခပ်ငယ်ငယ် ၈ တန်းလောက်တုန်းက တေးသံရှင် ခင်ယုမေ ရဲ့  ဆောင်းအမှီ
သီချင်း ကို ရန်ကုန်ဆောင်းတွင်း ၀င်ပြီဆိုတာနဲ့  စ ကြားရတော့တာပါပဲ ။ အဲဒီ
၁၉၉၁ ။ ၉၂ အချိန်တွေကလဲ နိုဝင်ဘာလောက်က စပြီး ဖေဖော်ဝါရီလောက်
အထိက အေးနေတယ် ၊ ပြီးတော့ မြူတွေနဲ့ ၊ တချို့ နေရာတွေမှာ ဆိုရင် နှင်း
ပါးပါးလေး ကျတာနဲ့  ၊ လူတွေ ဆိုရင် လဲ အနွေးထည်လေးတွေ ကိုယ်စီနဲ့ ပေါ့ ။
ကျွန်တော်တို့ ဆို ခြေသလုံးတွေ ပေါ်မှာတောင် အသားတွေ ပတ်လို့ ၊ အဲဒီချိန်
အနည်းငယ် အေးနေချိန်မှာ ကျောင်းတက်ရတာလေ ။ အေးတယ် ဆိုပေမဲ့
အလွန်ဆုံး ရှိလှမှ ၆၀ ဖာရင်ဟိုက်ပေါ့ ။ ဒီထက်တော့ မပိုလောက်ခဲ့ ပါဘူး ။
အဲလိုအေးနေချိန်မှာ ရှိုးပေးနိုင်တဲ့ ၊ ချမ်းသာတဲ့ ဘော်ဒါတွေများကြတော့လဲ
ကျောင်းလာတာ လယ်သာ ဂျာကင်တွေ ၊ ဂျင်းရှပ် အကောင်းစားတွေ ကိုယ်စီနဲ့ 
ပေါ့ ။ ကျောင်းသူ ကောင်မလေးတွေ ဆိုရင်လဲ ဒီနေ့ ကို အနွေး ထည် ပန်းရောင် ၊
နောက်နေ့ ကျ အစိမ်းနုရောင် ၊နောက်တနေ့ ကျ မရမ်းရောင် စသဖြင့် စသဖြင့်
အသည်းလေး ပဲပေး တွေ ဖြစ်ကြကုန်လေသတည်းပေါ့ ။ နည်းနည်း ခပ်ကဲကဲ
မမတွေ ကျတော့လဲ ခရင်မ် လိမ်းရတာနဲ့ ၊မိတ်ကပ် တင်ရတာနဲ့ ဘာနဲ့ ညာနဲ့ 
ပေါ့လေ ။ ကိုယ်တွေကတော့ သိပ်မသိခဲ့ ပါဘူး ။ အဲဒီအချိန်မှာ ကျောင်းစာ၊
ပညာရေးထဲမှာပဲ စိတ်ကို နှစ်ထားခဲ့မိတာ ။

အဲလိုနဲ့  စင်ကာပူရ ကို ရောက်ထဲက ၁၀ နှစ်လုံးလုံး ဆောင်းတွင်းနဲ့  ဝေးခဲ့ရတာ
ပါပဲလေ ။ ခရစ်စမတ် နာတာလူးပွဲမြတ် ဆိုရင်လဲ ဖုမ်း အတုကြီးတွေနဲ့ 
ဂျင်ဂယ် ဘဲလ် ခဲ့ရပေါင်းလဲ မနည်းပါဘူး ။ စိတ်ထဲမှာတော့ တေးထားတာပေါ့ ။
နေနှင့်ဦး…… ခရစ်စမတ်ကို နှင်းအစစ် တွေနဲ့ ပျော်ပါးမြူးထူးရတဲ့ နေရာကို
ရောက်အောင်ကို သွားဦးမယ်ပေါ့ ။

ကိုင်း…. ခုတော့ ရောက်ချေပြီ ။ ရောက်တာမှ ခရစ်စမတ် မတိုင်ခင် ၁ လ အလို
လောက် ထဲက အမေရိကတိုက်ရဲ့  အလယ်ခေါင်တည့်တည့် ပြည်နယ် တခုကို
ရောက်တာ ။ ခရီး တထောက် ကော်လိုရာဒို ရောက်ထဲက စပြီးအေးတာမှ ကျင်နေ
တာပဲ ။ ကော်လိုရာဒို ဒန်ဗာ မြို့ ကိုဖြတ်လာတော့ ကား ဒီလာ တွေမှာ ကားတွေ
အများကြီးပေါ့ ။ ကားတွေက နှင်းတွေနဲ့ ဖုန်းပြီး ဘီးလုံးလေးတွေပဲ မြင်ရတာ ။
ရေခဲခြစ် အပြုံလိုက် အုပ်ထား သလိုပါပဲ ။ ဓာတ်ဆီဖြည့်တဲ့ ခဏလေး မှာတောင်
နားတွေကိုက် ၊ လက်တွေ ကျင်လာလို့  ခေါင်းစွပ် အုပ် ၊လက်အိတ်စွပ်
လုပ်လိုက်ရ တာများ သိပ်ကိုစိတ်ညစ်စရာ ကောင်းလှပါတကား ။ နယူးယောက်
ဘက်မှာဆို အခန့် မသင့်ရင် နားရွက်တောင် ပဲ့ကျတယ် ဆိုလားပဲ ။ဒါကြောင့်
ထင်ပါရဲ့ ၊ ယောက်ဖတော်က သူ့ မိန်းမကို နယူးယောက် ကို စရိတ်စက အကုန်ခံပြီး
လိုက်ပို့  မယ် ဆိုပဲ ။ မိန်းမကို ညှိုးနေတာ ကြာလောက် ပါပြီလေ ။

ကျွန်တော်တို့ နေရမဲ့ ပြည်နယ်ကို ရောက်ပြီး မကြာဘူး ။ ၂ ရက်လား ၃ရက်
လား ဆက်တိုက် ဆိုသလို နှင်းမုန်တိုင်း က ဂုဏ်ပြုတဲ့ အနေနဲ့  ကျပါလေရော ။
ပုံမှန်ဆို ၄ လ လောက် နေမှ ကျရမဲ့ နှင်းထု ပမာဏကို ၃ ရက်နဲ့ အပြတ်ဖြတ်ပေး
သွားတာများ ဘာပြောကောင်းမလဲ ၊ ကားထဲမှာ ကျန်ခဲ့တဲ့ ရေဘူးထဲက ရေဆို
အခဲကြီးကို ဖြစ်လို့ ။ ရာသီဥတု ကလည်း နေ့ ခင်း ဘက်မှာ ၂၀ ဖာရင်ဟိုက် ၊
ညဘက်ဆို ၈ ဖာရင်ဟိုက်ပေါ့ ။ ၃၂ ဖာရင်ဟိုက်မှာ ရေခဲမှတ် ဆို တော့ စဉ်းစားသာ
ကြည့်ကြပါတော့ ။ အပူပိုင်း ထရော်ပီကယ်လ် က ကျွန်တော်တို့  ကိစ္စ များ ကြလေ
သတည်းပေါ့ ။ ဟစ်ပ်ဟော့ပ် အဆိုရှင် စိုင်းစိုင်းခမ်းလှိုင် ကတော့ ဘာတဲ့…………
နှင်းကျတဲ့ ညတွေမှာဆို ကိုယ့်အိမ်တောင် ကိုယ် မပြန်နိုင်တော့……………………
မြက်ခင်းပေါ် ကျောခင်းပြီးတော့ ဒီလိုနဲ့ မိုးတောင်လင်းပေါ့………………………
ဆိုပဲ ။ ဘုရားဘုရား………. တယ် ပေါ့သွမ်းပါကလား…………….သူပြောသလို
သာ ဒီမှာနေကြည့်ရင် မိုးတောင်လင်းဖို့ မပြောနဲ့ ၊ ၁၅ မိနစ်လောက် နဲ့ ကို ကိစ္စ
ပြတ်မှာပါ ခင်ဗျာ ။ ခုလဲ နှင်းတွေက ကျနေပြန်ပြီ ။ကျနေတာမှ တဝေါဝေါ
တသောသောနဲ့ ၊တခြားအရှေ့ ဘက်ပြည်နယ်တွေ ဖြစ်တဲ့ ဂျာစီတို့ ၊တောင်ကယ်ရို
လိုင်းနား တို့ ၊ နယူးယောက်တို့ ကိုလဲ ၀င်ပြီးပြီ ။ အော်ရီဂွန် ပြည်နယ်မှာလဲ ကလေး
၎ယောက်ကို အိမ်မှာထားခဲ့ပြီး ခရစ်စမတ်သစ်ပင် ထွက်ရှာတဲ့ လင်မယား ၂ ယောက်
လဲ အစ ရှာမရဘူး ။ သစ်ပင်ပဲ ပိသလား ၊ ၀က်ဝံ ကုတ်သလား ၊ ချောက်ထဲပဲ
ကျသလား ၊ ၀ံပုလွေ ဆွဲသွားသလား မသိနိုင်အောင် ပါပဲ ။ နှင်းမိုးတွေကလဲ ရွာ ၊
ဆောင်းကလဲ ဆောင်းတွင်းကြီး ဆိုတော့ အပြင် တခါ ထွက် မယ်ဆို သာမယ် တထပ် ၊
တီရှပ် တထပ် ၊ ရန်ကုန်မှာ စင်ကာပူ မှာတုန်းက သိပ်အိုက် ပါတယ် ဆိုတဲ့ ရှပ်အင်္ကျီ
လက်ရှည် တထပ် ၊ ပြီးတော့မှ နှစ်ထပ် လုပ်ထားတဲ့ နှင်းကာ အနွေးထည် တထပ် ၊
ခေါင်းစွပ် ။လက်အိတ် ၊မာဖလာ လည်ပင်းစည်း နဲ့  လူလဲ လူနဲ့  မတူတော့ပဲ ၀က်ဝံပုံစံ
ပေါက်နေရပြန်ပြီ ။

ဘာပဲပြောပြော ခုလို ခရစ်စမတ်မှာ သူငယ်ချင်းတွေနဲ့  အတူတူ အားဖြည့် အချိုရည်
လေးတွေ သောက်သုံးခဲ့ရတာတွေတော့ မေ့မရပါဘူး ။ ချစ်သူငယ်ချင်းအပေါင်း
ခရစ်စမတ်နဲ့  နယူးရီးယားမှာ ပျော်ရွှင်ကြည်နူး နိုင်ကြပါစေလို့  ဆန္ဒ ပြုလျက်ပါပဲ ။
လာလည် လာရောက် ဖတ်ရှူကြတဲ့ ဘလော့ဂ် မိတ်ဆွေ အပေါင်းလဲ သာယာ
ကြည်နူးဖွယ် ခရစ်စမတ်နဲ့  နှစ်သစ်ဖြစ်ပါစေ ဆုတောင်းလျက် ။

ချစ်သူကြီး

6 comments:

nyimuyar said...

ဒီလိုဆိုတော့လည်း ဆောင်းအအေးက တယ်လည်း ကြောက်စရာကောင်းပါလား။ ပူပူနွေးနွေး စင်ကာပူရ ခရစ်စမတ်ပဲ ကောင်းပါတယ်ဗျာ။ ပူအိုက်တာကမှ ပန်ကာဖွင့် စွပ်ကျယ် ၀တ်လို့ ရသေးတယ်။

:P said...

ချွေးတလုံးလုံးဖြင့် မယ်ရီခရစ်စမတ်ပါ

TZA said...

မယ်ရီခရစ္စမတ်ပါသူကြီး..

ပုံ..
အပေါ်ပိုင်းဘလာကျင်းနေသော ပြည်သူတစ်ဦး

Ko Thagyee said...

ကယ်လီဖိုးနီးယားလိုပြည်နယ်မျိုးကျတော့လဲ ဆောင်းတွင်းကောင်းတယ်ဗျို့ ။ အနွေးထည် ၁ ထည်လောက်နဲ့ ပြီးတယ်။ မြောက်ပိုင်း၊ အလယ်ပိုင်းနဲံ့အရှေ့ ဘက်ပြည်နယ်တွေကတော့ ဆိုးတယ်ဗျာ။

khin oo may said...

ဆောင်းအမှီ.........အီး........ကြောက်စရာကြီး.........(အအေးမခံနိုင်ပါ) အသံကြားရုံဖြင့်ဒူးတုန်နေပါသည်။

ShwunMi- said...

ဆောင်းလွန်ခါနီးပါပြီလေ =)
ဇန်နဝါရီကုန်ခါနီးမှာပဲ လာလည်နိုင်တော့တယ်...