Saturday, August 9, 2008

ကြီးပွားရေး လမ်းညွှန်

ဒီကနေ့  ကြွရောက်လာကြတဲ့ လူတော်တော်များများ အကုန်လုံး နီးပါး ပေါ့လေ ။
ပြောမယ်ဆိုရင် ရသာရင် ဘနဖူးသိုက်တူးမဲ့ မဟာ့မဟာ စီးပွားရေး လုပ်ငန်းရှင်
ကြီးတွေ ဆိုတော့ကာ ကျွန်တော့်အနေနဲ့ တခြားထွေထွေထူးထူး မပြောလိုပဲ
အမြန်ဆန်ဆုံးနဲ့  အမှန်ကန်ဆုံး ငွေရလွယ်မဲ့ နည်းဗျူဟာများကိုပဲ အားရပါးရ
ပို့ ချသွားပါ့မယ် ။ ကျွန်တော်ကတော့ ခင်ဗျားတို့ သိထားပြီးသားဖြစ်တဲ့ 
စီးပွားရေးဆိုင်ရာ မဟာစာရေးဆရာကြီး မောင်ဖြီးဖြန်း (ရောချဗေဒ) ပဲ ဖြစ်ပါတယ် ။
ပထမဦးဆုံး အနေနဲ့ ကတော့ လုပ်ငန်းရဲ့ နာမည် ပဲ ဖြစ်ပါတယ် ခင်ဗျား ။ ဆိုပါစို့ …
မိတ်ဆွေက မျက်မှန်ဆိုင် ဖွင့်မယ်ပေါ့ ၊ ဈေးကွက်ထဲမှာ ရှိပြီးသား နာမည် တစ်ခုခုကို
လိုက်မှေးပြီး ရောကြိတ်တတ်မယ် ဆိုရင် ဒါ ပိုင်ပြီပဲ ။ ဥပမာ ဖင်လန်ဗီးရှင်း တို့ ၊
ပိုလန် ဗီးရှင်း တို့ ပေါ့ ။တော်ရုံမသိတဲ့ စားသုံးသူက ကိုယ့်ဆီ လာပြီပဲ ။ လျှပ်စစ် ပစ္စည်း
တွေ ဖြန့် ဖြူးမယ် ဆိုရင်လဲ KHIND တို့ ၊ CHINT တို့ က ရှိပြီးသား ဆိုတော့ ကိုယ့်ဘက်
က ဒိုင်လျှိုလေး နဲ့ KHAND (ခံ) လိုလို ၊ CHINE (ချိုင်) လိုလို ဇဝေဇ၀ါ နာမည်လေးတွေနဲ့ 
ဆိုရင် မိတ်ဆွေရေ စားပေတော့ပဲ… နော် ။ ဒီလို ဈေးကွက်မှာ သူလိုလို ကိုယ်လိုလို နဲ့ 
ရောကြိတ်တတ်တာဟာ ခင်ဗျားတို့ ကြီးပွားရေး ရဲ့  အခြေခံ လိုအပ်ချက်ပါပဲ ။
ဒါတင်ပဲတဲ့လား… မဟုတ်သေးပါဘူး နည်းနည်း လက်ရဲဇက်ရဲ ရှိဖို့ တော့ လိုသကိုးဗျာ ။
ကိုယ်က တချို့ ဘုန်းကြီးတစ်ပါးစ နှစ်ပါးစ လောက်နဲ့  အိုကေတယ်ဆိုရင် ခပ်တည်တည်
လုပ်ပြီး ဘယ်ဆရာတော်ဘုရားရဲ့  အချစ်မရှိမ၀င်ရ တရားတော် ၊ ဘဇာ ဆရာတော်ကြီး
ရဲ့  နှလုံးလမ်းကြောင်းမှာ ကျွန်ခံနေတယ် တရားတော် ၊ ဟို ကိုယ်တော်ရဲ့  အငွေ့ 
တထောင်းထောင်း မုန့် စိမ်းပေါင်း တရားတော် ဆိုပြီး ဗီစီဒီ သာ ဖြန့် လိုက် ၊ ငွေ ဆိုတာ
သောက်သောက်လဲပေါ့ ခင်ဗျာ ။ ပြီးမှ ဘုန်းကြီးတ၀က် ကိုယ်တ၀က်ပေါ့ ၊ ဒါကတော့
အရင်းအနှီး သိပ်မကုန်ပဲ ငွေရလွယ်နည်း တစ်မျိုး ပေါ့လေ ။ သံသရာကို မကြောက်တတ်
ရင်တော့ လုပ်ကြပေါ့ ။ ပြောသာပြောရတယ် ကြောက်မဲ့ ပုံတွေလည်း ဟုတ်ပါဘူးဗျာနော့…။
မိတ်ဆွေတို့ ထဲမှာ အထူးကုဆရာဝန်ကြီးတွေလဲ ပါမှာပါပဲ ။ ပိုက်ဆံနည်းနည်းရင်းပြီး
ကိုယ်ပိုင် မဂ္ဂဇင်းခပ်ထူထူ( အထူထုတ်) ထုတ် ၊ ပြီးရင် မဂ္ဂဇင်း တ၀က်လောက်ကို
ကြေငြာတွေ သောက်သောက်လဲထည့် ၊အဲဒီ ကြေငြာခတွေနဲ့ တင် စာအုပ်အရင်းဖိုးက
ကြေနေပြီ ။ ပြီးတော့ ကိုယ့် မဂ္ဂဇင်း မဟုတ်လား…………ကိုယ်တစ်ယောက် ထဲကနေပြီး
ကလောင် ဆယ့်ငါးခုလောက်ခွဲပြီး ဆိပ်ကြီး ခနောင်တို အလည်တစ်ခေါက် တို့ ၊ ဒေးဒရဲ
ရောက်ခဲ့စဉ် တို့ ၊ ထန်းရည်ကို အုန်းမှုတ်ခွက်ထဲ ထည့်သောက်နည်း တို့ ၊ ဖျာပုံ ရောက်
စဉ် ဈေးသည်မ နှစ်ယောက် သတ်ပွဲကြုံခဲ့  စသည်ဖြင့် ဆောင်းပါး အခန်းဆက်ကြီးတွေ
ရေးစား ၊ ပြီးတော့ ပေါင်းချုပ် ပြန်ထုတ်မယ် ဆိုရင်ဖြင့် စားရော့ပဲ ။ ပရိသတ်ကလည်း
တော်လိုက်စွမ်း လိုက်တဲ့ အထူးကု ဆရာကြီး လဟယ် ဆိုပြီး ဆေးလာကုချိန်မှာ ရိုက်စား ၊
ကိုင်း အဲသဟာမှ မကြီးပွားရင် ဘယ်သူ ကြီးပွားဦးမလဲဗျာ ။ နည်းနည်းတော့ အရေထူပေါ့
လဗျာ ။ ပြီးတော့ ခုခေတ်က ဟစ်ဟော့ပ်ခေတ်ပေါ့ ၊ အဖေ့ ကောင်းကြောင်း ၊
အဖေ့မကောင်း ကြောင်း၊ အဖေ့လိုအပ်ချက် ၊ စသည်စသည်ဖြင့် အဖေနဲ့ ပတ်သက်တာ
တွေကို ဖိုးဆိုချင် ချာတိတ်တွေ စုခိုင်းပြီး ခြေမြန်လက်မြန် ဆိုခိုင်းထုတ်ခိုင်းမယ် ဆိုရင်ဖြင့်
ပိုင်ပြီပေါ့ ။ ကျုပ်တောင် ဟိုကချင်မ ကလေး ရက်က (ရေဗက္က၀င်း) ကို ဖီးချားရင်း
လုပ်ခိုင်းပြီး ဘော်ဒါတွေရဲ့ လိုအပ်ချက် ဆိုပြီး အခွေထုတ်စားလိုက် ချင်တာ ။ဟင်းဟင်း ။
နောက်တခု ရှိသေးသဗျာ ။ မိတ်ဆွေတို့ စီးပွားရေးလောက ထဲက လုပ်ငန်းရှင်အကြီး
စားကြီး ၊ ဒါမှမဟုတ် ရင်လည်း ၀န်ကြီး တစ်ယောက်ယောက်ရဲ့  ခယ်မ လင်နောက်လိုက်
လို့ ပဲ ဖြစ်ဖြစ် ၊ ဒွေးလေး ဒွေးကြီး ဘကြီးဘထွေး အဖေအမေ ယောက်မ ယောက်ဖ
သေရင်ပဲ ဖြစ်ဖြစ် ၊ သတင်းစာ ထဲမှာ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူ ၀မ်းနည်းမိပါတယ်
ဘာညာ ဆိုပြီးတော့မှ ဘာကုမ္ပဏီ မှ ဘာ အမ်ဒီ ၊ညာ ဥက္ကဌ ဆိုပြီး လုပ်နေကြတယ်
မဟုတ်လား ။ ခင်ဗျားတို့ က ကျန်ရစ်သူမိသားစုနဲ့ ထပ်တူ ၀မ်းနည်းမိရုံမက
လိုက်သေချင်စိတ် ပေါက်လောက်အောင် ဖြစ်ရပါတယ် ဘာညာသာရကာ ကုမ္ပဏီ ဆိုရင်
ပိုင်ပြီလေ ။ လူရှိန်သွားပြီ ။ ခင်ဗျားတို့  ကုမ္ပဏီ လည်း နာမည်ကြီးပြီပဲ ။ ပြီးတော့ ဆိုင်မှာ
အသုံးမ၀င်တဲ့ ပစ္စည်းတွေကို ရောင်းမရမဲ့တူတူ ဘယ်နှစ်သိန်းတန်ဖိုးရှိ ဘာကြီးကို
ဘယ်လို လှူလိုက်ပြီ ဆိုရင် ဒါဟာ ဈေးကွက်မှာ ကိုယ့်နာမည် လူသိစေတဲ့
နည်းပညာ တစ်မျိုးပေပဲ ။ ဟုတ်ပြီလား ။ ကိုင်း လောလောဆယ်တော့ ဒီလောက်ပဲ
စဉ်းစား လို့ ရသေးတယ် ။ နောင် အလျဉ်းသင့်သလိုလည်း ဆရာ ပို့ ချပေးသွားပါဦး
မယ်လို့ ..နော် ။ နောက်ထပ် ဆွေးနွေးပွဲ တစ်ခု ထပ်လုပ်ဖြစ်ဦးမှာပါ ။ ဆရာ့ကို
မျှော်နေနော် အဟွန့် ။

1 comment:

imaginary clouds no 2 said...

ဆက်ဟောပါ ဆရာ