Sunday, September 27, 2009

ကယ်လီဖိုးနီးယားမှာ ကားမောင်းတော့မည် ဆိုလျှင်

အမေရိကားမှာ ပြည်နယ်ပေါင်း မြောက်မြားစွာ ရှိကြတဲ့ အထဲကမှ ကယ်လီဖိုးနီးယား
မှာ ကားမောင်းလိုင်စင် ယူတော့မယ် ဆိုလျှင် တခြား ပြည်နယ်တွေထက် ပိုမိုခက်ခဲ
တာကို ရောက်နေတဲ့သူတိုင်း ကြုံဖူးကြပါတယ် ။ ဘာလို့ ဆို ကယ်လီဖိုးနီးယား ဟာ
ကားအရှုပ်ဆုံး ၊ လူအများဆုံး ၊အကျပ်ညပ်ဆုံး လို့ ပြောလို့ ရတဲ့ ပြည်နယ် ဖြစ်နေလို့ 
ပါပဲ ။ ရောက်လာတဲ့သူတိုင်း DMV( Department of Motor Vehicles) မှာ
ID( Identity Card) (မှတ်ချက်… စင်ကာပူမှာတော့ IC ခေါ်သပေါ့ ) ကို လျှောက်ရ
ပါတယ် ။ လျှောက်ပြီ ဆိုတာနဲ့ လျှောက်ထားသူဟာ အသက် ၁၈ နှစ်ကျော်နေပြီ
လား ၊မကျော်သေးဘူးလား ဆိုတာ ကို DMV ဌာနက သူတွေက သိတဲ့အတွက်
ယာဉ်မောင်းလိုင်စင် လျှောက်ဖို့ ပါ တခါတည်း ပိုက်ဆံယူပြီး လျှောက်ခိုင်းလိုက်ပါတယ် ။
ဘာလို့ ဆိုဒီမှာ ယောက်ျားမိန်းမ ကြီးငယ်မရွေး ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထ
ကိစ္စ ရပ်တွေ ရှိတာကြောင့် အားလုံးဟာ ကားမောင်းတတ်ဖို့ လိုအပ်နေကြ ပါတယ် ။
နောက်မှ မောင်းတာ မမောင်းတာ တပိုင်းပေါ့လေ ။ လိုင်စင်ရှိဖို့ ကတော့ လိုအပ်တာ
အမှန်ပါပဲ ။ တကယ်လဲ တချို့ အဖိုးကြီး အဖွားကြီးတွေ ၊ မသန်မစွမ်းတွေ တောင်မှ
အသက် ၇၅ ၊ ၈၀ လောက် အထိကို တုန်တုန်ချိချိနဲ့ မောင်းနေကြတာ နေရာတိုင်း
လိုလို ကျွန်တော်တို့ တွေ့ နေရတာပါပဲ ။

အဲသလို လိုင်စင်လျှောက်ပြီ ဆိုတာနဲ့  ပြဿနာ စလာပါပြီ ။ တခြား ဘယ်ပြည်နယ်
တွေမှာ ဘယ်လောက်ပဲ လိုင်စင်တွေ ရှိခဲ့ပေမဲ့ ကယ်လီ မှာ ဆိုရင်တော့ new driver
ပုံစံနဲ့  စာမေးပွဲ ပြန်ဖြေရပါတယ် ။ စကားမစပ် စင်ကာပူ မှာကျတော့ ရန်ကုန်က
လိုင်စင်ကို နိုထရီ လုပ် ၊ ပြီးတာနဲ့ Comfort Driving Centre လိုနေရာမှာ
Theory Test ဖြေလို့  အောင် ရင် လိုင်စင် ထုတ်ပေးပေမဲ့ ဒီမှာတော့ အဲသလို
လုပ်လို့ မရပါဘူး ။ စစချင်း Theory test လို့ ခေါ်တဲ့ မေးခွန်း ၃၆ ခု ကို ဖြေရပါတယ် ။
လိုင်စင်မရှိသေးသူ အသစ်တွေ အတွက် မေးခွန်း ၆ ခု အထိ မှားလို့ ရပေမဲ့ ကယ်လီ
လိုင်စင်ရှိပြီးသား Renew လုပ်တာဆိုရင်တော့ ၃ ခုအထိပဲ မှားခွင့် ပေးပါတယ် ။
အဲဒီမေးခွန်း တွေကို ဖြေဆိုနိုင်ဖို့ အတွက်လည်း Guide Book တွေကို
ဘယ် DMV ဌာနတွေမှာ မဆို အလကားယူလို့ ရပါတယ် ။ အဲဒီ ဂိုက်ဘွတ်ခ် ကို
ကျေညက်အောင် ဖတ်ပြီးပြီ ဆိုတာနဲ့ ဖြေလို့ ရပါပြီ ။ ဖြေတဲ့အခါမှာလည်း ပထမ ID
လျှောက်ထဲက စဖြေချင်ရင် ဖြေလို့ ရပါတယ် ။ အဲဒီ သီအိုရီ တက်စ် ကို ပထမ အကြိမ်
ကျခဲ့ရင် နောက် ၂ ကြိမ် အထိ နောက်ထပ် ပိုက်ဆံမပေးရပဲ ဖြေလို့ ရပါတယ် ။ ၃ ကြိမ်
ဖြေလို့ မှ မအောင်သေးရင်တော့ ပိုက်ဆံ ထပ်ပေးပေါ့ ။ ID ကတော့ တခါထဲနဲ့  ကိစ္စ
ပြီးပါတယ် ။ ပထမ ရောက်ခါစက မေးခွန်းဟောင်းတွေကိုပဲ တော်ရိလျော်ရိ
အဖြစ်လောက် ကြည့်ပြီး လင်မယား ၂ ယောက်လုံး သွားဖြေကြတာ ခွက်ခွက်လန်
ကျပါလေရောလား ။ အဲဒါနဲ့ နောက် ၂ ပတ်လောက် အေးဆေး အချိန်ယူပြီး စာတွေ
သေချာ ဖတ်တော့မှပဲ ၂ ယောက်လုံး အောင်လေရဲ့ ။

အဲ………. သီအိုရီ အောင်လာပြီ ဆိုတော့ ကျွန်တော်ကတော့ ကားမောင်းဖို့ 
လိုအပ်လာပါပြီ ။မိန်းမကတော့ မောင်းချင်ပေမဲ့ ကလေးတဘက်နဲ့ ဆိုတော့
အဆင်မပြေသေးတာနဲ့  တစ်နှစ် Valid ဖြစ်တာပဲ ဆိုပြီး နောက်မှ မောင်းကွာ
လို့ ပြောထားရ ပါတယ် ။ ဆိုလိုတာက သီအိုရီ အောင်ပြီး တစ်နှစ်အတွင်းမှာ
Practical Driving Test ကို ဖြေရမှာပါ ။ မဖြေဖြစ်ဘူး ဆိုရင်တော့ သူ့ အလိုလို
ပျက်ပြယ်ပြီး နောက် တခါ သီအိုရီ ပြန်စဖြေ ရမှာ ဖြစ်တာကိုး ။ အဲဒါနဲ့  ကျွန်တော့်
အတွက် Practical Driving Test ဖြေဖို့  Appointment ယူရပါတယ် ။အဲသလို
သီအိုရီ အောင်ပြီးသား လူတွေ အတွက် သတ်သတ်ကျင့်ပေးတဲ့ ဆရာတွေလဲ
ရှိပါတယ် ။ သူ့ ကားနဲ့ သူ့ ဓာတ်ဆီ စိုက်ပြီး သင်ပေးတာ တနာရီကို ၄၀ ယူပါတယ် ။
သူ့ ကားမှာ ကိုယ်ကမောင်း ၊ ဆရာက ညာဘက်ကနေ စပယ်ရှယ်လုပ်ထားတဲ့
ဘရိတ်ကို ထိန်းထားပေါ့ ။ လိုအပ်ရင် စမောင်းတတ်တဲ့သူ က အူကြောင်ကြောင်
လုပ်မဲ့အနေအထားကို ရှောင်လို့ ရအောင် လုပ်ပေးထားတာပါ ။ အမှန်တော့
အဲဒီလို ဘရိတ်အပို လုပ်ပေးပြီး သေချာ ထရိန်နာ နဲ့ မောင်းသင်တာ
ကောင်းပါတယ် ။ နို့ မို့ ဆို ကျွန်တော်က ညာဘက်မှာ ထိုင်နေရင်း မိန်းမကို
သင်ပေးချိန်မှာ အရေးအကြောင်းဆို ကျွန်တော့်ဘက်ကနေ ဘရိတ်အုပ်လို့ 
မရပါဘူး ။

အဲလိုနဲ့ တကယ် စာမေးပွဲ ဖြေရမဲ့နေ့ ဖြေရမဲ့ အချိန် ရောက်လာပါလေရော ။
ပြီးတော့ စစ်မဲ့ ဘို အဖြူကြီး တစ်ယောက်က ကားပေါ် မတက်လာခင်
ဘရိတ်ဘယ်မှာ ရှိလဲ ၊ မီးတွေ မှန်လား ၊နောက်ကြည့်မှန် ချိန်ပြီးပြီလား စသဖြင့်
စစ်ပါတယ် ။ ပြီးမှ ကဲ…. မောင်းကြည့်ရအောင် ဆိုပြီး ကျွန်တော်မောင်းတာကို
အမှတ်ပေးဖို့ ကားပေါ်တက်လာပါတယ် ။ ကားမောင်းတာ မခက်ပါဘူး ။ ဒါပေမဲ့
တကယ်မောင်းဖြေနေ ရတဲ့ အချိန်မှာ တော့ တုန်လှုပ်ရတာကိုး ၊ ပြီးတော့
သူများက ကိုယ့်ကို စစ်နေတယ် ဆိုတာ ကြီးက တမျိုးကြီးပါပဲ ။ ရန်ကုန်မှာလို
ဖြစ်သလို ဟိုတက်ဒီခွ နဲ့  ချလို့ မရဘူး မဟုတ်လား ။

အဲသလို စစ်နေတဲ့အချိန်မှာ သူ့ ဘာသာသူ သူ့  checklist နဲ့ ဖြည်းဖြည်းချင်း
အမှတ်ပေးနေတာပါ ။ ဒီကောင် နောက်မှန် ကြည့်ရဲ့ လား ၊ ဘေးဘက်မှန် ကို
ကြည့်ရဲ့ လား ၊ ကွေ့ တော့မယ် ဆိုရင် အချက်ပြရဲ့ လား ၊ စတော့ပ် ဆိုင်း တွေ
မှာ သေချာ ရပ်ရဲ့ လား ၊ မီးပွိုင့်မှာ မျဉ်းဖြူ ခွရပ်ထားလား ၊ သတ်မှတ် မိုင် ၄၅
ဆို အနဲဆုံး ၄၀ ၊ အများဆုံး ၅၀ လောက်ကို ထိန်းမောင်းရဲ့ လား စသဖြင့်
အစုံပါပဲ ။ လိန်းချိန်း ခိုင်းတာလဲ ပါပါ သေးတယ် ။ လက်ရှိ မောင်းနေတဲ့  အရှိန်
တနာရီ ၄၅ ကနေ ရှေ့ ကုန်းတက်မှာ တနာရီ ၅၅ လို့  ဆိုင်းဘုတ် ထောင်ထား
တာကို ကိုယ်က အော်ဇာဗန့် ဖြစ်ရဲ့ လား စစ်ပါတယ် ။ ပြီးတော့ လိန်းချိန်း
ခိုင်းပါတယ် ။ အဲဒီတော့ အရှိန်ကို နောက် ၁၀ မိုင် ပိုတင်ရတာ တခု ၊
နောက်မှန်ကြည့်ပြီး နောက်ကားရှင်းလား မရှင်းလား ကြည့်ရတာ တခု ၊
အချက်ပြရတာ တခု ဆိုတဲ့ ၃ခုပြူး ကို တခါထဲ လုပ်ရပါတယ် ။( တချို့ 
မိန်းကလေးတွေ တော့ အဲသလိုနေရာမှာ အနည်းငယ် ပျာယာခတ်တတ်ကြ
ပါတယ် ။ ) ပြီးတော့ လူနေရပ်ကွက်ထဲကို ၀င်ခိုင်းပါတယ် ။ လူနေရပ်ကွက်ထဲမှာ
တနာရီကို ၂၅ မိုင် ပဲ မောင်းခွင့်ရှိတာ ကို ကျွန်တော် ဘယ်လောက် မောင်းမလဲ
စစ်တာပါ ။ ကျွန်တော်သာ ၃၅ မိုင်လောက် မောင်းမိရင် စာမေးပွဲ ချခံရမှာပါ ။
ပြီးတော့ နောက် လမ်းဘေး ပလက်ဖောင်းနဲ့ ၈ လက်မအကွာလောက် ကို
တည့်တည့်ဝင်အောင် ဘက်ဂီယာ ထိုးပြီး နောက်ဆုတ်ခိုင်းပါသေးတယ် ။
ပလက်ဖောင်းနဲ့ ညီနေတာကို ပိုကြိုက်ကြပါတယ် ။
နောက် ရပ်ကွက်ကနေ ပြန်ထွက်ပြီး လမ်းမပေါ် ပြန်ထွက်ခိုင်းပါတယ် ။
အဲဒီ စစ်တဲ့ဆရာရဲ့  သဘောထားက ကိုယ့်ဘက်က လမ်းမှန်နေရင် ဟိုဘက်
က ကုန်ကား ၊ တင့်ကားပဲ ဖြစ်နေပါစေ တိုက်ခါမှတိုက် ၀င်ရမယ် ဆိုတာပါပဲ ။
နောက်မှ အင်ရှူးရန့် စ် က လိုက်ရှင်းပေါ့လေ ။ ကျွန်တော်က ဦးလေး ကားနဲ့ 
မောင်းတာရယ် နောက်ပြီး ဟိုဘက်ခြမ်းက ကားက နဲနဲ အရှိန်များနေတာ
ရယ်ကြောင့် ကိုယ် မှန်နေသော်ငြား ခဏ တုံ့ လိုက်တာကို အဲဒီဆရာကြီးက
မကြိုက်လှပါဘူး ။ ၀င်သာဝင် မင်းဘက်က လမ်းမှန်ပဲ မလိုပဲ ရပ်ရင် ငါမကြိုက်
ဘူး လို့ ပြောပါတယ် ။ ကျွန်တော်ကတော့ ခုမှရောက်တာဖြစ်ကြောင်း ၊
ဦးလေးကား ဖြစ်နေလို့ အားနာရကြောင်း ပါ ပြောပြီး နဲနဲ အီစီကလီ
လုပ်လိုက်ရပါတယ် ။ နောက်ဆုံး ရုံးရှေ့ ကားပါကင်မှာ ပြန်ထိုးရပါတယ် ။
အဲသည်မှာလဲ ကားက နှစ်ဘက်လုံးရဲ့ စည်းထဲကို ၀င်မ၀င် စစ်ပါသေးတယ် ။
နောက်ဆုံးတော့ ကျွန်တော် အောင်သွားပါတယ် ။ အဲသလို အောင်ပြီလို့ 
ပြောတာကို ကြားရချိန်ဟာ တော်တော် ၀မ်းသာဖို့ ကောင်းတဲ့ အနေအထားပါ ။
မအောင်ရင် နောက်ထပ် အပွိုင့်မန့် ယူ ၊ ထပ်ချိန်း ၊ သူများကို တခါ လိုက်ပို့ ခိုင်း
ဆိုတဲ့ အရာကြီးတွေကို စိတ်ပျက်မိလို့ ဖြစ်ပါတယ် ။

အဲလိုနဲ့ ယာဉ်မောင်းလိုင်စင် အောင်ခဲ့လေသတည်းပေါ့ ။ လိုင်စင်အောင်မှလဲ
ကားကို တရားဝင် ၀ယ်လို့ ရတာပါ ။ ကားကတော့ ဥပမာ ယူအက်စ် တသောင်း
တန်တယ် ဆိုရင် တက်စ် ရယ် ၊ လိုင်စင် မှတ်ပုံတင်ကြေး ဘာညာကြေး နဲ့ ဆိုရင်
အပြီးအစီး တစ်သောင်း တစ်ထောင် ငါးရာ လောက် ကျပါတယ် ။ ကိုယ့်နာမည်
လဲ ပေါက်သလို ဆီကလဲ ကြိုက်တဲ့နေရာမှာ ဆန့် သလောက် ထဲ့လို့ ရပါတယ် ။
( ရန်ကုန်မှာလို ပိုင်ရှင် အမည်ပေါက်ရမယ်တို့ ၊ ဆီစာအုပ် လုပ်ရမယ် တို့ လဲ
မရှိပါဘူး ။ ဒါတောင် ကယ်လီ တက်စ်က တခြားပြည်နယ်တွေထက် ပိုများနေ
လို့ ပါ ။ စင်ကာပူ လိုလဲ စီအိုအီးတွေ ၊ road tax ၊ peak hour ၊ CBD ၊ ERP
တွေ မရှိပါဘူး ။ )( စကားချပ် )
ကားဝယ်ပြီးပေမဲ့ ကျွန်တော့်မှာ FREEWAY အတွေ့  အကြုံ မရှိသေးပါဘူး ။
ဘယ် entrance က ၀င်ပြီး ဘယ် exit မှာ ထွက်ရမယ် ဆိုတာ လည်း မသိသေးပါဘူး ။
ဒါပေမဲ့ သူငယ်ချင်းကြီး ၀င့်သူ ကြောင့် ဖရီးဝေး အတွေ့ အကြုံတွေ အများကြီး ရခဲ့ရတယ်
ဆိုတာကိုတော့ အတိအလင်း ၀န်ခံရင်းနဲ့  ဒီနေရာကနေ သူ့ ကို ကျေးဇူးအထူး
တင်ကြောင်း ပြောပါရစေ ။

ကျွန်တော်လဲ အခုတော့ဖြင့် တခြားသူတွေလိုပဲ လိုင်စင် အောင်ပြီးတော့ လုပ်ချင်ရာလုပ်
ကြတယ်လေ ဆိုတာမျိုးတော့ ဖြစ်နေပါပြီ ။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ လမ်းစည်းကမ်း
ကို လိုက်နာတာတော့ မမှားပါဘူး ။ မတော်လို့ ရဲကိုကို နဲ့ တွေ့ နေမှ တစ်ကက် ပေးသွား
ရင် အနည်းဆုံး ၃၀၀ လောက် ကုန်နေမှာမို့ ပါ ။

လိုင်စင်ဖြေရတာ အခက်အခဲတွေ ရှိကြတယ် ၊ ကိုယ်က ကယ်လီမဟုတ်လို့ တခြား
ပြည်နယ်တွေ သွားရင်လဲ အနည်းနဲ့ အများတော့ အခက်အခဲ ကြုံကြမှာပဲ ဆိုတာကို
သိအောင် တင်ပြရုံ သက်သက်သာ ဖြစ်ပါတယ် ခင်ဗျာ ။

Thursday, September 24, 2009

ဟိုက်ဘရစ်ကား ကောင်းသလား

ဟိုက်ဘရစ်ကား ဆိုသည်မှာ ယနေ့ ခေတ် တိုယိုတာ ၊ ဟွန်ဒါ ၊ ချက်ပလက်
အစရှိသည့် ကား ကုမ္ပဏီ များမှ အမျိုးအစားတူ ကားများကို ဟိုက်ဘရစ်
သီအိုရီဖြင့် ထုတ်လုပ်ပြီး ဆီစားသက်သာအောင် ၊ ဟိုက်ဝေးမှာ မိုင်များများ
မောင်းနိုင်အောင်၊ ဆလင်ဒါ ၄ခု ရှိသည့် အထဲမှ ၂ ခုလောက် ပိတ်ပြီး မောင်း
နိုင်အောင် တီထွင်ဖန်တီးထားသည့် ကားများ ဖြစ်ကြပါသည် ။ ဥပမာ ဆိုလျှင်
ဟွန်ဒါ မှ စစ်ဗစ်ခ်ျ(civic) ကို ရိုးရိုး 1.8 L I4 တစ်မျိုး ၊ hybid နှင့် ဆိုလျှင်
1.3 L I4 ဖြင့် တစ်မျိုး ထုတ်လုပ်ခြင်း ဖြစ်ချေသည် ။ တကယ့် အပြည့်အစုံ
အသေးစိတ်သိလိုလျှင်တော့ ၀ီကီကိုသာ ရှိုးလိုက်ပါလေ ။

ရိုးရိုး မှာက ဓာတ်ဆီ ၁ဂါလံ ကို ၃၂ မိုင်လောက် မောင်းနိုင်ပြီး ဟိုက်ဘရစ်
မှာတော့ ၁ဂါလံကို မိုင် ၅၀ လောက် မောင်းနိုင် ချေမည် ။ ထို ကိန်းဂဏန်းမှာ
ဟိုက်ဝေး လမ်းပေါ် တနာရီ မိုင် ၈၀ နှုန်းလောက် မောင်းနှင်သည့် ပျမ်းမျှသာ
ဖြစ်ပြီး တစ်စီးနှင့် တစ်စီး အနည်းငယ် ကွာဟမှု တော့ ရှိပါလိမ့်မည် ။ မြို့ တွင်းလို
နေရာမျိုးမှာတော့ ရိုးရိုးက ၂၅ မိုင် လောက် ရနိုင်ပြီး ဟိုက်ဘရစ်က ၄၅ မိုင်
လောက်တော့ ဆွဲသည်။ ဒါဆို ကိုင်း…………… လူတိုင်း ဟိုက်ဘရစ် စီးကြလေ
သတည်း ပေါ့ ဟု ထင် လျှင်တော့ မုချ မှားပါလိမ့်မည်။ မဟုတ်ရေးချ မဟုတ်ပါ ။

အမေရိကားမှာ ဓာတ်ဆီဈေးသည် ရုပ်ပျက်ဆင်းပျက် ဖြစ်ရလောက်အောင်
မတက်ပါ ။ ၁ ဘာရယ်ကို ၈၆ ဒေါ်လာမျှ ပျမ်းမျှ ပေါက်နေချိန်တွင် ၈၇ ဂရိတ်
၁ ဂါလံသည် ၃.၁၅ လောက်သာ ရှိနေပါသည် ။ ဟိုယခင် ခေတ်ထချိန်မှာတော့
၁ ဂါလံ ကို ၄.၅၀ လောက် ရှိဖူးပါသည် ။ ပြီးတော့ တိုယိုတာ တို့ ၊ ဟွန်ဒါ တို့ 
ဆိုသည်မှာ အင်ဂျင် ကျနေသည့် အနေအထား မဟုတ်လျှင် ၈၇ ဂရိတ်လောက်
က အကောင်းဆုံး ပါပေ ။ ဗော်လဗို တို့ ၊ ဘီအမ်ဒဗလျူတို့ ၊ ဂျာဂွါ တို့ ဆိုလျှင်တော့
ပရီမီယမ် အန်လက်ဒက် ၉၁ ဂရိတ် ကိုသာ သုံးကြပေါ့ ။ ဒါကလည်း ကားထုတ်လုပ်သူ
တွေ ကိုယ်တိုင်က တိုက်တွန်းထားတာကိုး ။ ဆိုရလျှင် ကားပိုင်ရှင် တစ်ဦးအနေဖြင့်
ပက်ပက်စက်စက် မောင်းသည် ထားဦး ။ တစ်လ လျှင် မိုင် ၆၀၀၀ ထက်တော့ မပိုနိုင်ပါ ။
မည်သူကမှလည်း အလုပ် ကိစ္စ ၊ကျောင်း ကိစ္စ၊ အပျော်ခရီးလောက်က လွဲလျှင် အလကား
အားအားယားယား အပျော် ကားလျှောက်မောင်းနေတယ် ဆိုတာလည်း မရှိသလောက်ပါ ။
ပျမ်းမျှ ယာဉ်ပိုင်ရှင် တစ်ဦးသည် တလ လျှင် မိုင် ၃၀၀၀ လောက်သာ မောင်းပါသည် ။
တချို့ လည်း တလလုံးနေလို့ မှ မိုင် ၁၀၀၀ တောင်မပြည့်တာမျိုးလည်း ရှိကြပါသေးသည် ။
အဲဒီတော့ ထိုသူ မိုင် ၃၀၀၀ မောင်းမှ သူ၏ ဓာတ်ဆီ ကုန်ကျမှုသည် တလကို ၂၀၀ နဲ့ 
၃၀၀ ဒေါ်လာကြား သွားသပေါ့ ။ ဒီနေရာမှာတော့ မာစီဒီးတို့ ၊ ဂျာဂွာတို့ ၊
လမ်ဘော်ဂီနီ တို့ ၊BMW ၊ AUDI ၊ မာဆက်ရတီ တို့ ဖာရရီး တို့ ကိုတော့ ထည့်
မစဉ်းစားစေ လိုပါ ။ သူတို့ ကိုသွားပြီး ဟိုက်ဘရစ် မရှိဘူးလား ဆိုရင်တော့ “ သူများလို
တို့ မရိုင်းတယ်…..တိုင်းသိပါရဲ့ “ ဟု ပြန်ပြောမည်ကား အမှန် ။ သူတို့ က သူတို့ ကလပ်စ်
တခု သီးသန့် ရှိတာကိုး ။ မာစီဒီး စီးမဲ့သူကလည်း ဆီဖိုးတော့ ထည့်မတွက်တော့ပါပေ ။

ဟိုက်ဘရစ်ကား မောင်းနှင်သူ ဆိုလျှင်လည်း ဓာတ်ဆီဖိုးက အနည်းဆုံးတော့
၁၈၀ လောက် သွားချေလိမ့်မည် ။ ဆိုတော့ကာ တစ်လလျှင် မိုင် ၃၀၀၀ မောင်းမှ
ဆီဖိုး ၁၀၀ လောက် သက်သာမည် ။ တစ်နှစ် ဆိုတော့ ၁၂၀၀ ပေါ့ ။ ၅ နှစ်ဆိုလျှင်
တော့ ၆၀၀၀ သက်သာတာပေါ့ ။ အနို့ ကလို သို့ ကလို တွက်ကြည့်နိုင်ပေသည် ။

ဒါပေမဲ့ တိုယိုတာတို့ ၊ ဟွန်ဒါတို့ ၊ချက်ပလက် တို့ မည်သည် ကိုယ်မမွေးခင်ကတည်းက
ကားထုတ်စား လာတာပဲဟာ ။ လည်လိုက်သမျှ မွှတ်နေအောင် လည်သည် ။ ရိုးရိုး
စစ်ဗစ်ခ်ျကို ဒေါ်လာ ၁၂၀၀၀ လောက်နှင့် ၀ယ်လို့ ရချိန်မှာ ဟိုက်ဘရစ် စစ်ဗစ်ခ်ျ က
၁၈၀၀၀ လောက် ရှိနေသည် ။ ဆိုတော့ အနှီ ၅ နှစ် စီမံကိန်း ခရီးစဉ် ကြီးသည်
သူတို့ အတွက် မြတ်ပေမဲ့ ကိုယ့်အတွက်တော့ မကိုက်ပါ ။ ပြီးတော့ရော ။
မကသေးပါ……………. ။ ရိုးရိုး ကားဘက်ထရီသည် ပျက်လို့ အသစ်လဲမှ တစ်လုံး
၈၀ ၊ ၁၀၀ လောက် ပေးရချိန်တွင် အနှီ ဟိုက်ဘရစ် ဘက်ထရီက ၅၀၀၀ လောက်
ကျနေသည် ဟု မှတ်သားရဖူးပါသည် ။ အဲဒီတော့ ၅ နှစ်အတွင်းမှာ ဘက်ထရီ
မပျက်မှ ကိုယ့်အတွက် ဒုံရင်း လောက်ဖြစ်မည် ။ မဟုတ်လျှင် ဂွမ်းပေရော့ ။
ပြီးတော့ အမေရိကားလို နေရာမှာ ကားရောင်းနေတာတွေသည် ရန်ကုန်မှာ
ဂျာနယ် ရောင်းနေသလိုမျိုး ဒါမျိုးကြီးတွေ ပေးနေပြီ ဟု ဆိုရမလောက်ကို ပင်
ဖြစ်နေလေတော့ရာ အဘယ်သကောင့်သားသည် ကားတစ်စီးကို ၅ နှစ် တိတိ
ကိုယ့်ရည်းစား ကိုယ်ယုယသလို ဖြစ်နေမှာတုန်း ။ လခကောင်းကောင်းရလာလျှင်
ကားလဲမည် ဟူသော ဆရာသမားများက ဒုနဲ့ ဒေးပါပေ ။

ထို့ ကြောင့် ကွန်ဇူမာ အနေဖြင့်တော့ မကိုက်လှပါ ။ အဲ… ဓာတ်ဆီ ၁ဂါလံ ၁၀.၅၀
လောက် ဆိုရင်တော့ တန်တယ်ခေါ်မှာပေါ့ ။ အဲသလို တကယ် ၁၀.၅၀ ဖြစ်ရင်လဲ
အိုဘားမား ခေါင်းနဲ့ ဆင်းရတာ ကြာပေါ့ ခင်ဗျာ ။

တကယ်တော့ မော်တော်ကားသည် ဓာတ်ဆီဖြင့်သာ မောင်းရတာ အကောင်းဆုံး
ဖြစ်ပါသည် ။ နင်းရင်လဲ နင်းသလို ပါလာမှ ကျွန်တော်ကတော့ ကြိုက်ပါသည်။
အဲသလို မဟုတ်ပဲ ဆီကုန်မှာစိုး၍ ဆီချုပ်ထားလျှင် မောင်းမကောင်းပါ ။
ဆီအကုန် သိပ်သက်သာ ချင်ရင်တော့ မန်နူရယ်လ် ဂီယာ မောင်းပြီး အလကားနေ
ဖရီးရိုက်နေတာကမှ သက်သာပါဦးမည် ။ သို့ သော် ဟိုက်ဝေး မိုင် ၁၀၀ ၊ ၂၀၀
ခရီး ၌ မောင်းရသူတော့ သိပ်မသက်သာလှပါ ။ အမေရိကားမှာ ဒီဇယ်ကားများလည်း
သိပ်မကိုက်လှပါ ။ ဒီဇယ်ဈေးက သက်သာသော်လည်း ဓာတ်ဆီဆိုင်တိုင်း ၌ ဒီဇယ်ပန့် 
မရှိသောကြောင့်ပါပေ ။ ထို့ ကြောင့် ရိုးရိုး ဓာတ်ဆီသာ အကောင်းဆုံး ဖြစ်ပါသည် ။

ကျွန်တော်၏ တစ်ဦးတည်း အမြင်ဖြစ်သောကြောင့် ကွဲလွဲမှု ၊ ကွာဟမှုများ ရှိနိုင်ပါသည် ။
သို့ သော်လည်း မော်တော်ကားကြိုက်သည့် ပုဂ္ဂိုလ်များ ၊ မကြာမီ ကားဝယ်မည် မှန်းထား
သည့် ဆရာသမားများ အတွက် ကြိုစဉ်းစားလို့ ရအောင် ၊ ပြီးတော့ မြန်မာပြည်မှ
ကျွန်တော့်မိတ်ဆွေများအတွက် ဗဟုသုတ တခု အဖြစ်ရအောင် ကြိုးစားပြီး သိသမျှကို
ရေးချခြင်းသာ ဖြစ်ပါသည် ။

လေးစားလျက်
ကိုသူကြီး

Monday, September 14, 2009

စထရစ်ပ်ပါ ကလပ် STRIPPER CLUB

သူကြီး တစ်ယောက် ခုတလော ယောက်ယက်ခတ်နေသည် ။ ရာသီဥတုကလည်း
၁၀၄ ဖာရင်ဟိုက်အထိပူ ၊ အလုပ်ကလည်း ရှာလို့ မရသေး ၊ နေပူ တောမီးလောင်
နေတော့လဲ ဘယ်မှမထွက်ချင် ၊ ဒီကြားထဲ သူငှားနေသည့် အပတ်မန့် ကြီးကလည်း
နေ့ ခင်းဘက် ရေချိုးမည် မကြံနှင့် ၊ ကျွက်ကျွက်အေးလှသည့် ရေပူများနှင့် ညားရ
လွန်းလို့ စိတ်ပျက်မိနေသည်ကား အမှန် ။ (နောက်လတော့ အေးမယ်လို့ 
ပြောတာပဲ ) ။အဲယားကွန်းဖွင့်တော့လဲ ရှေးပဝေသဏီ က ၀င်းဒိုးတိုက်ပ်ကြီး ဖြစ်သော
ကြောင့် ဖွင့်ထားသည့်နေရာနား မယောင်မလည် နှင့် ထိုင်ပြီး တီဗီကြည့်နေရသည် ။
ကြာတော့ စိတ်ရှုပ် ဒေါသထွက်လာရချေသည် ။တော်ပေသေးရဲ့ တီဗီမှ မိန်းမချောလေး
များ၏ ရေကူးဝတ်စုံပြိုင်ပွဲ ၊ အမ်တီဗီ ချယ်နယ် မှ ဘီယွန်ဆေးနိုးလ်စ် ၏
ကလူ၏သို့ မြူ၏သို့ သီချင်းများပြပွဲ ၊ ပဲစားချယ်နယ် မှ ပဟေဠိ ဥာဏ်စမ်း ပြိုင်ပွဲ
စသည် တို့ ဖြင့် မနည်းကြီးကို စိတ်ကိုဆွဲဆန့် ထားရပေတော့ သည် ။ ဆိုတော့ကာ
သူကြီး ယခင်လို စွတ်ကယ်စွတ်ကယ် ဘလော့ဂ် မရေးနိုင်ပေတော့ ။ သူငယ်ချင်း
မြင်းစပယ်ကြီး ကတော့ အားရ၀မ်းသာ ဖြစ်နေပေလိမ့်မည် ။ ဒင်း ငါ ညှိုးနေ တာ
ကြာပြီ ဟု စိတ်ထဲက တွေးနေမှာ ။

သူကြီးကတော့ စဉ်းစားနေသည် ။ နောက်ဆုံး အလုပ်ရှာမရလျှင် ဖြစ်သလို
ဟောလိဝုဒ် သွားပြီး ဇာတ်ပို့ ဇာတ်ရံ လူကြမ်း အခန်းမျိုးမှာပဲ သရုပ်ဝင်ဆောင်ရ
ကောင်းမလား ၊ (ဥပမာ မင်းသမီးချော ဂျက်ဆီကာ ဘီယယ်လ် ကို အတင်းအကျပ်
အဓမ္မ ပြုသည့် အခန်းမျိုးပေါ့ ၊ ကိုယ်လဲ သိပ်သိတာမှ မဟုတ်တာ ) သို့ တည်းမဟုတ်
အပေါ်ရုံ ချွတ်ကာ မလှုပ်တလှုပ် အဖော်အချွတ် က ပြီး ပိုက်ဆံရှာရင် ကောင်းမလား
ဟု ဆင်ကြံကြံ နေမိသည် ။ ဟုတ်သည်လေ နောက်ဆုံး ဒါပဲရှိတော့တာကိုး ။ ရှာသမျှ
အလုပ်တွေ ကလည်း စင်ကာပူကနေ မြန်မာပြည်ကို ဖုန်းဆက်ရင် ကြားရသလို
ဝမ်းသာပါတယ်……သင်ခေါ်ဆိုတာ မအောင်မြင်ပါ……………….. ဆိုတာချည်းပဲ ။
အာရုံနောက်တယ် ။

သေချာတာကတော့ သူကြီး ခုလို ချွတ်ကရင် မခင်ဦးမေ ဦးစီးတဲ့ မိန်းမချော
မိန်းမလှ အဖွဲ့ ချုပ်ကြီးက တစ်ပ် တွေ အုံးအုံးထ ပေးမည်ကား အမှန် ၊ သူကြီးကို
အနားခေါ်ပြီး ခါးစပ်ထဲသို့  ဒေါ်လာ တရာတန် တွေကို သူသွားထဲ့မည် ငါသွားထဲ့မည်
နှင့် ပန်ဒိုရာ တို့  ရွှန်းမီ တို့ မေမိုးတို့  ဆင်ဒန်လား နှင့် သက်ဝေ တို့  ငြင်းကြခုန်ကြ
လိမ့်မည် ဟု ကြိုပြီး မြင်ယောင် နေမိသည် ။ ကိုတိန်ကတော့ ဒါ အတ်ထ် ပဲ ဟု ဆိုပြီး
သူကြီး လို ယောက်ျားပျို တစ်ယောက် ရဲ့ ပကတိ အလှ ကို အနုလုံ ပဋိလုံ အသေးစိတ်
ပန်းချီ ဆွဲနေ လိမ့်မည် ။ သူ တင်ပဲလား ၊ မဟုတ်ရေးချ မဟုတ်ပါ ။ နာမည်ကြီး
ဓာတ်ပုံဆရာ ကိုဘုန်းက သူ၏ အကောင်းစား ကင်မရာကြီးဖြင့် လျှို့ ဝှက်ရိုက်ကူးပြီး
အိမ်မှာ သိမ်းချင် သိမ်းထား ဦးမည် ။ ( သူကြီး ဆိုသည် ကလည်း လွန်းထားထား ၏
ဇာတ်ကောင်တိုင်းလို တိကျသေချာ ပြတ်သား တဲ့ နဖူးအစုံ မျက်ဝန်း အစုံ တင်းမာ
တည်ကြည် တဲ့ နှုတ်ခမ်းအလှ ပိုင်ရှင် ဖြစ်နေသကိုး ။ အဆီပို ဟူ ၍ တကျပ်သား
မျှမရှိ ၊ ကြွက်သား ပကတိ လေ ) သူများတွေလို ဗိုက်မှာ အတုံး ၆တုံး မဟုတ် ၊
၁တုံး မျှသာ ။ ဒါတောင် ညှိုးမင်းသား အဲလေ ညှို့ မင်းသား ဟု နာမည်အခိုင်အမာ
ရှိနေသည့် ကိုကိုတွတ် မပါသေးပါ ။ ကိုကိုတွတ်နှင့် ယှဉ်လိုက်ရင် သူကြီး ဆိုသည်က
ပမွှားလေ ။

နာမည်ကြီး အင်ဂျင်နီယာ ကြီး ဖြစ်သည့် ကိုကိုစောကတော့ သူကြီးရေ အဲဒီမှာ
ဗေကန်စီ ရှိသေးလား ရှိရင်ပြောပါဗျာ ဟု ဒိုင်လျှိုလေး ကြို ဖုန်းဆက်ထား
ပေလိမ့်မည် ။သူက နုထွားကြီး ဆိုတော့ မိုးဦးကျမှာ ပေါက်တဲ့ မျှစ်စို့ ကြီးလို ဖြစ်နေတာ ။
ကိုအန်ဒီကလည်း သူကြီး ကသည့် ပွဲသို့  အော်ဗ်ဇာဗာ အဖြစ်နှင့် မသိမသာ
တက်ရောက်ပြီး သကာလ ၀တ်ရုံ ချွတ်သင့် မချွတ်သင့် ဟူသော ဆောင်းပါးရှည်ကြီး
ကို အခန်းဆက် အဖြစ်ဖြင့် ရေးထုတ်ပေဦးမည် ။ ကောင်းလေစွ ၊ ဟော ဖူးနုသစ်
ဆိုသည့် ဆရာသမား ကိုဇက်တီ ကလည်း အရောက်ကို လာအားပေးမှာ အသေအချာ ၊
(သူ့ ခမျာ တစ်နေ့ တစ်နေ့  စက်တွေပဲ မြင်နေရတာ ဆိုတော့ ခုလို လှုပ်လှုပ်ရွရွလေး
တွေ မြင်ရရင် သိပ်ပျော်မှာ )

သူကြီးချွတ်ကသည့် နေရာသို့  လာချင်သူ နောက်တဦး ရှိချေသေးသည် ။သူကတော့
သူကြီး ကတာကို ကြည့်ချင်လို့ မဟုတ် ၊ ယမကာ အသစ်အဆန်းလေးတွေ မြင်ချင်ယုံ
မျှသာ ။ သူသည်ကား ဆရာစိန်ပေတည်း ။ ထို့ ကြောင့် မောင်မောင်ရှည် ဆီသို့ 
သူဖုန်းဆက်သောအခါ မောင်မောင်ရှည်က ဒီနေ့ ညနေ အပွိုင့်မန့်  ရှိမယ် ထင်တယ်
ဟု ဆိုကာ မတင်မကျ ကြိုကာ ထား၏ ။ ထို့ ကြောင့် သူညစ်နေသည် ။ တော်သေးသည်
မကြာမီမှာပဲ သူ့ ကို လျှို့ ဝှက်ကြည်ညိုနေသည့် ဘဒုက်မှ ဥမ္မာ က သူကြီး ချွတ်ကတဲ့ ပွဲကို
သွားကြည့် မလို့  ဆရာလိုက်ဦးမလား လိုက်ရင် နတ်နွယ် စာအုပ် လက်ဆောင်
ပေးမယ် ဟု ဆိုသောအခါ ဒင်း တင်းမခံနိုင်လေတော့ ။ သူကလည်း ဆရာနတ်ရဲ့ 
ပရိသတ် ပေကိုး ။

စန္ဒကူး ၊ထောပတ်သီး ၊ စုဘူးအိမ် ၊ ညီမူရာ ၊ နဒီမိုးညို တို့ က ဘားကောင်တာမှာ အဝ
သောက်ပြီးသကာလ ထိုအချိန်မှာ မှန်နေကြပြီ ။ နေဇော် ၊ မင်းပျို ၊ နေလင်း ၊
ရွက်လွှင့်ခြင်း ၊ သီဟသစ် ၊မိုးခါး ၊ သက်ပိုင်သူ တို့ ကတော့ သူကြီးနှင့် တအားကြီး
မရင်းနှီးသေးသောကြောင့် မ၀ံ့မရဲ လှမ်းကြည့်နေကြသော်ငြား လာတော့ မနှုတ်ဆက်
ကြပါ ။ သူတို့ စိတ်ထဲကတော့ ထင်ချင် ထင်နေပေလိမ့်မည် ၊ သြော်.. သူကြီးက
သိပ်ချောသိပ် လှပြီး ကြည့်ကောင်းနေတော့ အလှဂုဏ် မောက်ချင်မောက်နေ မှာပေါ့
ဟု ၊ တကယ်တော့ မဟုတ်ရေးချ မဟုတ်ရပါ ။ သူကြီးအနေဖြင့် ဘာမှမလုပ်ပဲ
ကြီးပွားချင်စိတ် ရှိသည်မှအပ မည်သူ့ ကိုမှ ခွဲခြား ဆက်ဆံ လိုစိတ် အလျဉ်း မရှိချေပါ ။
ဒါကြောင့်လဲ မောင်မဲတို့ ၊ ၀ူခုန်း တို့ ကို ခုချိန်ထိ ပေါင်းနေတာ ပေါ့ ။ ရုပ်ချောမှ
ရွေးပေါင်းမယ် ဆိုရင် ကိုတိန်ရယ် ၊ ရှည်ရယ် ၊ ဆရာစိန်ရယ် ၊ မြင်းရယ် ၊ ကိုစောနဲ့ 
ကိုအန်ဒီပဲ ကျန်မှာလေ ။( ဒီလိုလဲ ပြန်ပင့်ပေးဦးမှ………. မဟုတ်ရင် စင်ကာပူကို
သွားလည်တဲ့အခါ ဟိုတယ်မှာ တည်းနေရမည် မဟုတ်ပေလော ။)

ရှည်ရှည်ကတော့ ဒီလိုလူရင်းတွေ ၄-၅ ယောက်လောက်ကို စုစည်းပြီး အချီကြီး
ရမဲ့ တနေရာမှာ ပွဲသွင်းလိုက်ရ အပွပဲ ဟု ငါးခူပြုံး ပြုံးနေပြန်သေးသည် ။ တကယ်
လဲ သောက်သောက်လဲ မြတ်ကြတာပေကိုး ။

ဤသို့ ဖြင့် နောက်ဆုံးမှာ သူကြီးနှင့် ရှည်ရှည်တို့  နားလည်မှု စာချွန်လွှာ ခေါ်မလား ၊
ကုလသမဂ္ဂ ပဋိညာဉ် ခေါ်မလား ဘာမှန်းမသိသည့် စာချုပ်ကြီး ချုပ်ဆိုပြီး သကာလ
ရှည်ရှည်ဦးစီးသော သူကြီးနှင့်အဖွဲ့ ၏ ဒန့် စ်ကလပ် ကြီး ပေါ်ပေါက်လာပေ
တော့သည် ။မောင်တိန် ၊ မြင်း ၊ကိုစော ၊သူကြီး ၊ကိုတွတ် ၊မဲစပယ် ၊ တရုတ်ကြီး ၊
ကိုရွှေ တို့  အားလုံး မပေါ့်တပေါ် ချွတ်ကာ က သည့် အနေအထားသို့ ရောက်သွားပြီး
ပျော်စရာ အတိ ဖြစ်သွားပေတော့ သည် ။ ကလပ်၏ ဥပဒေကြောင်းဆိုင်ရာ အထူး
အတိုင်ပင်ခံ ကတော့ ဆရာစိန်ပင် ဖြစ်ချေတော့သည် ။ မားကက်တင်း နှင့် ကြေငြာ
အလှအပ ဒီဇိုင်း တာဝန်ခံ ကိုတော့ ကိုဘုန်းကြီးက တာဝန်ယူပေးသည် ။ ဘားမှာ
အစားအသောက် အော်ဒါ မန်နေဂျာမ ရာထူးလေးကိုတော့ သိမ့်ကိုပဲ ပေးလိုက်ရ
ချေသည် ။ အစားအသောက် ကိုတော့ စယ်လဘရီတီ ရှက်ဖ် လုလု မီးဖိုချောင်
ကွတ်ကင်း ဆီမှ ကန်ထရိုက်စာချုပ်နှင့် မှာယူရချေ၏ ။ ရှည်ရှည်ကတော့ လူမရှိရင်လဲ
တက်ကပေးမည် ဟုဆိုကာ နှစ်သီးစား ဖို့ လုပ်နေပြန်သေးသည် ။ သူကလည်း
သူ့ ပရိသတ် နဲ့ ပေကိုး ။ အဲဒီတော့ အလှအပ အကြွအရွ မက်ကြသည့် မိန်းမထု
ကြီးကလည်း ယခင် ကထက် ပိုက်ဆံ ပိုရှာလာကြပေတော့သည် မဟုတ်ပေလော ။
မခင်ဦးမေ တို့ မသက်ဝေ တို့ ၊ မပန် တို့ ကလည်း တစ်နှစ်စာ မန်ဘာကြေး ပေးထားပြီး
ကျသလောက်ယူ… ပိုတာ မုန့် ဝယ်စား ဟု ဆိုကာ ညနေစောင်းသည်နှင့် ကလပ်မှာပဲ
လာကြည့်ပေကြတော့သည် ။ သူတို့ လဲ ရုံးမှာ တနေကုန် ပင်ပန်းလာကြတာ ဆိုတော့
ပင်ပန်းသမျှ ဖြေဖျောက်ပေးဖို့ ရာ ဟာ သူကြီးလေးတို့  တာဝန်ပေကိုး ။ သူတို့ 
ကတော့ တလကို ဖြစ်သလို ဒေါ်လာ တသောင်းခွဲလောက် စီ တာပေကိုး ။ရယ်ဂူလာ
ကတ်စတန်မာ ဆိုတော့ ချိုရသည်လေ ။

သူကြီးတို့ လည်း တစ်ပ်စ် တွေ ပိုရလာကြတော့ချေသည် ။ မဲစပယ် ခမျာတော့
ပေါင်တံအလှ သိပ်မပေါ်လွင်သောကြောင့် တစ်ပ်စ် နည်းနည်းပဲ ရရှာချေသည် ။
သူက နည်းနည်း လျော့သည်ကိုး ။ သနားစရာ ကောင်းပေစွ ။ တစ်ပ်စ် အများဆုံး
ရတာကတော့ မြင်းစပယ်ပါပဲ ။ သူကား ယခုလက်ရှိ နာမည်ကြီးနေသော
အဆိုတော်လား အလှမယ်လား ဘာမှန်းမသိသည့် ဂျင်းနီ လေး လို ကြွသည်လေ ။



မှတ်ချက် ။ တီဗီမှာ ပြနေသော စထရစ်ပ်ပါ ဒေါ်ကူမန်ထရီ နှင့် ဆန်ဖရန်ကို
ရောက်တုန်းက ဘရော့ဒ်ဝေး လမ်းပေါ်မှာ မြင်ခဲ့ရသော စထရစ်ပ် ကလပ်များ ၊
ဆောင်းတွင်းကြီး ရေခဲနေချိန်မှာ ပြိုင်ကြသော ဘီကီနီ ဇာတ်လမ်းများ ကို အားကျပြီး
မဟုတ်ကဟုတ်က ပေါက်တတ်ကရများ ကို ဇာတ်လမ်းအဖြစ် ရေးဖွဲ့ မိပါသည် ။ကျီစား
တာတွေ လွန်ခဲ့မိရင် ခွင့်လွှတ်ပါရန် တောင်းပန်အပ်ပါသည် ခင်ဗျား ။

ဘော်ဒါတွေရော ဘလော့ဂါတွေကိုပါ ပျော်စေချင်တဲ့
သူကြီး

Saturday, September 12, 2009

MIGRATE လုပ်သည်ဆိုသည်မှာ

Migrate လုပ်တယ်ဆိုတဲ့ ကိစ္စကြီး ဆိုတာသည် ပြောရရင်တော့ လွယ်မယောင်
နှင့် အတော်ခက်ခဲလှပါသည် ။ အဘယ်ကြောင့်ဆိုသော် ကိုယ်သိခဲ့သည့် နေရာ
ဒေသ ၊ ကျွမ်းကျင်နှံ့ စပ်ပြီးသား အရပ်ဌာန လည်းမဟုတ် ၊ တခုခုဆိုလည်း ထစ်ခနဲ
ဟိုလူ့ မေး ဒီလူ့ မေး နှင့် ဖျတ်ခနဲ ပြီးသွားတာလည်းမဟုတ် ၊ဘယ်နား ဘာရှိတယ်
ဆိုတာကို ဗျတ်ခနဲ သိနိုင်တာမျိုးလဲ မဟုတ်ဆိုသည့် အနေအထားကြီး တခုဖြစ်သော
ကြောင့်သာပင် ။ စကားမစပ် မြန်မာပြည်မှ စင်ကာပူလောက် ၊ ယိုးဒယား လောက်
ကူးပြောင်းလာတာမျိုးကိုတော့ မိုက်ဂရိတ် လုပ်တယ်လို့ ပြောလို့ မရချေပါ ။
ကျွန်တော်ပြောချင်သည်က အမေရိကား ၊ သြစတြေးလျ ၊ အင်္ဂလန်နှင့် တခြား ဥရောပ
နိုင်ငံများ သာ လျှင်ဖြစ်ချေသည် ။

ကျွန်တော်တို့ မိသားစုသည် ယခုအချိန်အခါတွင် ကာလ်ချရယ်ရှော့ခ် ဟု ခေါ်ဆိုရင်
ရနိုင်လောက်သည့် စိတ်ခံစားမှု မျိုးကို ခံစားနေရပါသည် ။ အစစ အရာရာ ကိုယ့်
ဘာသာ ကိုယ်လုပ်ရသည် ။ ဆွေမျိုး အပေါင်းအသင်းမိတ်ဆွေများ လည်းရှိကြပါ
သည်။ ကူညီကြသော ရိုင်းပင်းကြသော ဘော်ဒါအပေါင်းအသင်း မိတ်ဆွေများ
ကိုလည်း ကျေးဇူး တင်ရပါသည် ။ သို့ သော်လည်း တော်တော်များများသည်
ကိုယ့်ဘာသာ ကိုယ်လုပ်နေရသည် ဆိုတာကြီးကိုက သိပ်မမိုက်လှပါ ။ ဒါပေမဲ့
ဘာတတ်နိုင်မှာတုန်း ကိုယ်ရွေးခဲ့တဲ့လမ်း ကိုယ့်ဘာသာ ဆုံးအောင် ဆက်လျှောက်
ပေတော့ပေါ့ ။

မြန်မာပြည်မှ လူတစ်ယောက် အနေဖြင့် စင်ကာပူသို့ ရောက်လာသည် ဆိုပါစို့ ။
ရောက်ခါစ တစ်ပတ်လောက်ပဲ စိတ်ညစ်ရလိမ့်မည် ထင်ပါသည် ။ ပြီးတာနဲ့ 
တယ်လီဖုန်း ၀ယ် ၊ သွားရေးလာရေးဆိုတာကလည်း အီးဇီးကတ်ဒ်
တကတ်ဒ် ၀ယ်ထားပြီးရင် ကိစ္စ ပြီးနေပြီ ။ အိမ်ငှားမယ် ဆိုရင်လဲ ပန်နီဆူးလား
သွားရင်သွား ၊ မသွားလဲ စထရိတ်တိုင်းမ် တစ်စောင်ဝယ်ပြီး ကလတ်စီဖိုင်းဒ်
ထဲက ရှာလိုက်ရင်ပြီးနေပြီ ၊ အလုပ်ရှာတယ် ဆိုရင်လဲ ခိုင်မာတဲ့ အလုပ်ပဲဖြစ်ဖြစ် ၊
အော့ဒ်ဂျော့ဘ် ခေါ် တခြားစားသောက်ဆိုင်လို ဘားလို အလုပ်မျိုးပဲဖြစ်ဖြစ်
အရမြန် ကြပါသည် ။ (ဒီနေရာမှာ ကျွန်တော်ပြောချင်သည်က အလုပ်မရဘူး ဆိုရင်လဲ
မရသည့် အကြောင်းကို စောစီးစွာ သိခွင့်ကြုံပါသည် ။ ဆန့် တငန့် ငန့် နှင့် လည်ရှည်
နေရတာမျိုး သိပ်မဖြစ်လှပါ ။) ပြီးတော့ အိမ်ငှားရင်လဲ အနည်းဆုံး ကုတင် ၊စောင် ၊
ခေါင်းအုံး ၊ တီဗီ ၊ရေခဲသေတ္တာ ၊ အ၀တ်လျှော်စက် စသဖြင့် ပါဝင်ပါသည် ။ တချို့ လည်း
အဲယားကွန်း( စပလစ် တိုက်ပ်) တောင် ထဲ့ပေးထားကြပါသေးသည်။ ပိုက်ဆံပိုပေးရတာ
မပေးရတာ တပိုင်း ၊ဒါပေမဲ့ အများကြီး ကွန်ဗီနီယန့် တော့ ဖြစ်ပါသေးသည် ။ ပြဿနာ
ဟူ၍ ကြီးကြီးမားမား သိပ်မရှိလှပါ ။ ရှိခဲ့မည် ဆိုလျှင်လည်း တခြား အပေါင်းအသင်း ၊
မိတ်ဆွေများနှင့် တိုင်ပင်ညှိုနှိုင်း နိုင်ပါသေးသည် ။

ယခု အမေရိကားမှာ ကျတော့ အဲသလို မဟုတ်လှပါ ။ အိမ်ငှားရင်လဲ ခရက်ဒစ်
ဟစ်ဆရီ ကို မေးကြသည် ။ ခုမှစပြောင်းလာတဲ့ဟာ ဘယ်လိုရှိမှာတုန်း ။ အဲလိုမျိုး
ဟစ်ဆရီ ကို မမေးလျှင်လည်း တချို့ အပတ်မန့် တွေက အနဲဆုံး ၆လ ၁ နှစ်
စာချုပ်ခိုင်းသေးသည် ။ ၁ နှစ်အတွင်း အိမ်မပြောင်းပါဘူး ဆိုတဲ့ ကတိပေါ့ ။ ငှားနေပြီးမှ
၁ နှစ်မပြည့်ခင် အိမ်ပြောင်းဖြစ်ရင် အိမ်လခ ၄လစာ ဆုံးတာတို့ ဘာတို့ လည်း
ဖြစ်တတ်သေးသည် ။လူဆိုတာက အလုပ်ရရင် ရတဲ့နေရာနား ပြောင်းနေချင်ကြတာ
သဘာဝလေ ။ ဘယ်သူမှ အိမ်နဲ့ အလုပ်နဲ့ ကို မိုင် ၁၀၀ လောက် ကားမောင်းချင်ကြမှာ
မဟုတ်ဘူး ။ အဲဒီတော့ နောက်ဆုံး ခရက်ဒစ်လဲ မမေး ၊ အိမ်စာချုပ် ဆိုတာမျိုးလဲ
မရှိကြသည့် အပတ်မန့် မျိုးကိုပဲ ရွေးငှားရသည် ။ ငှားတော့လဲ မပြီးသေးပါ ။
အိမ်ငှားလျှင် ငှားသည့်အတိုင်း ဟောင်းလောင်းကြီးပဲ ဖြစ်ချေသည် ။ အဲဒီတော့
လိုအပ်တဲ့ ပရိဘောဂ ၊ ထမင်းစားပွဲ ၊ကုလားထိုင် ၊ရေခဲသေတ္တာ ၊တီဗီ အကုန်သာ
ဝယ်ပေရော့ ။ ဒါဆိုလာထားပဲ ။ ပြီးတော့ ဒီမှာက ဘယ်သွားသွား ကားနဲ့ မှ
အဆင်ပြေတာ ဆိုတော့ ယာဉ်မောင်းလိုင်စင်ကို သီအိုရီ တခါ ၊ ဒရိုင်ဗင် တက်စ်
တခါ ဖြေပေါ့ ။ နှစ်ခုလုံးအောင်မှ ကားဝယ်ပြီး မောင်းလို့ ရတာ ၊ စင်ကာပူမှာလို
ရန်ကုန်က လိုင်စင်လေး နိုထရီလုပ်ပြီး ကွန်ဖော့တ် စင်တာမှာ သီအိုရီလေး အောင်ရုံ
ဖြေလို့ မရဘူး ။( ကားမရှိလို့  ဘတ်စ်ကား စောင့်စီးလဲ ရတော့ရပါတယ် ။ အနို့ သော်
လည်း အနဲဆုံး နာရီဝက်တခါ ၊ တနာရီ တခါလောက်မှ လာတတ်လို့ ကားနဲ့ သွားရင်
ဆယ်မိနစ် ခရီးကို ဘတ်စ်စောင့်စီးလိုက်ရင် ၃ နာရီလောက် ကြာသွားနိုင်ပါတယ် ။)


ပြီးတော့ ဒီမှာ ကြုံနေရတဲ့ နောက်ပြဿနာ ၂ ခုက အ၀တ်လျှော်တာနဲ့ သောက်ရေ
ပဲ ဖြစ်ပါတယ် ။ အပတ်မန့် အခု ၂၀ လောက်မှာမှ လောင်ဒရီ တခုထားပေးထားပါ
တယ် ။ လျှော်စက် ၄ ခု နဲ့ အခြောက်ခံစက် ၆ ခုလောက်ပါ ။ အင်္ကျီ၅ ထည်
ဘောင်းဘီ ၃ထည် လောက်နဲ့  ဆင်းလျှော်ရင်လဲ မတန်ဘူးဆိုတော့ တပုံးစာ
ရအောင် တပတ် ၁၀ ရက်လောက်စောင့်ပေါ့ ။ ပြီးတော့ မတ်စေ့တွေ ကြိုလဲထားပေါ့ ။
လျှော်တာက တပုံးကို ၅ မတ် ၊ ခြောက်ခံတာက ၃ မတ် ဆိုတော့ ၂ ကျပ်ကျတာပေါ့ ။
အဲလို မတ်စေ့ကြိုလဲ ထားရတာ ၊ လျှော်မယ်ဆိုမှ အ၀တ်တွေ ယူပြီး ထမ်းပြီး ဆင်းသွားရတာ
ကြီးက သိပ် အထာမကျလှပါဘူး ၊ ပြီးတော့ အမေရိကားက တောင်ပတ်လည် ၀ိုင်းရံနေတာ
ဆိုတော့ ရေဘုံဘိုင်ကလာတဲ့ရေ ကို ကျိုပြီး သောက်လို့ မရတဲ့အတွက် ကိုယ့်ဘာသာ
ကိုယ် အပြင် စတိုးဆိုင်ကြီးတွေ ရှေ့ မှာ သောက်ရေသန့် ရောင်းတဲ့စက်တွေက တဆင့်
သောက်ရေကို ၁ ဂါလံ ကနေ ၅ ဂါလံလောက်အထိ ဖြည့်ရပါသေးတယ် ၊ပြီးမှ
ကားထဲတင်ပြီး အိမ်ပြန်ရောက် အိမ်ပေါ်ပြန်မတင် ရပါတယ် ။ ၁ဂါလံ ၂ ဂါလံလောက်
ပုံးတွေက ဘာမှမဖြစ်ပေမဲ့ ၅ ဂါလံ ပုံးလောက်ဆိုရင်တော့ ခါးကျိုးမတတ်ပါပဲ ။
( ထုံးဓာတ်ပါတဲ့ရေကို သောက်မိရင် ကြာလာတော့ ကျောက်တည် နိုင်လို့ ပါ ) ။
အဲလို ဖြည့်တဲ့နေရာမှာလဲ တဂါလံကို ၁၅ပြား တမတ် ဆိုပြီး ရှိကြပါတယ် ၊
စက်တွေက ၁ ကျပ်တန်ကနေ ၅ပြားအထိတော့ လက်ခံပါတယ် ။ တပြားစေ့
ကတော့ ဘာမှလုပ်မရပါ ။ အဲဒီတော့ အကောင်းဆုံး ဖြစ်ရဖို့ အတွက် သောက်ရေ
ထဲ့တာနဲ့ တကျပ်တန်ကို ထဲ့ပြီး စက်ကပြန်အမ်းတဲ့ မတ်စေ့တွေ ကို အ၀တ်လျှော်ဖို့ 
အတွက် ဖယ်ထားရပါတယ် ။ မတ်စေ့ကို ဘဏ်မှာ ဒေါ်လာ ၁၀၀ ဖိုးလဲထားရင်လဲ
ရပါတယ် ။ ကျွန်တော်ကတော့ သားတော်မောင် စိန်မျောက်လောင်း ရှိတာကြောင့်
အကြွေတွေ ကို တော်ရုံမထားရဲပါဘူး ။ ဒါတွေက စင်ကာပူမှာထက်စာရင် အပို
လုပ်နေရတဲ့ အရာတွေပါ ။ ဘာမှလဲ မတန်သလို အလုပ်ပိုရှုပ်တာပဲ အဖတ်တင်
ပါတယ် ။ စင်ကာပူမှာတော့ အိမ်ထဲမှာ အ၀တ်လျှော်ပြီး လှမ်းထားခဲ့ရုံပါပဲ ။ ပြီးမှ
မီးပူလေး ဘာလေး ထိုးလိုက်ရုံ ။

နောက်တခု ဒီမှာက အော့ဒ်ဂျော့ဘ်တွေ ပေါသပေါ့ ။ များသောအားဖြင့် တရုတ်စား
သောက်ဆိုင်တွေ ၊ ဗီယက်နမ် ဆိုင်တွေ ၊ ကုလားတွေ ပိုင်တဲ့ ဓာတ်ဆီဆိုင် အစရှိတဲ့
အေရှန် ဆိုင်တွေပါ ။ အလုပ်တွေ လဲ တနာရီကို ၆ ကျပ်လောက်ကနေ ၁၀ လောက်
အထိကြား ပေးကြပါတယ် ။ဒါပေမဲ့ ထရိန်နင် ကာလဆိုတဲ့ အချိန်ကာလ တခုမှာတော့
တပြားမှမရပဲ အလကား ဖရီး ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်း ရတဲ့
အထာကြီး ဖြစ်နေပါတယ် ။ အဲဒါကို သွားပြီး ကွန်ပလိန့် တက်နေရင်လဲ ဆုံးမှာ မဟုတ်
တော့ပါဘူး ။ ဘာပဲပြောပြော သူဌေးဆိုသူတွေဘက် ကတော့ နည်းနည်း မြတ်တာရယ် ၊
များများမြတ်တာရယ် ၊ သောက်သောက်လဲ မြတ်တာရယ် ဆိုသလို မြတ်ပြီးရင်းမြတ်
ဖြစ်နေကြတာပါပဲ ။

အဖြူကောင်တွေကြတော့ အလုပ်တခု ကြေငြာတင်ထားရင် ဘယ်အချိန် လုပ်ရမယ် ၊
ဘာတွေထမ်းရမယ် ၊ဘာခံစားခွင့်ရှိမယ် စသဖြင့် အပြတ်ကို ရှင်းနေအောင် တင်ထား
ကြပါတယ် ။ဒီက တရုတ်တွေ ကုလားတွေ လိုတော့ အုတ်ရောရော ကျောက်ရောရော
ဝိုင်းလုပ်ဝိုင်းစား အထာမျိုးတော့ မချိုးကြပါဘူး ။

အခု ကျွန်တော်ပြောနေတာဟာ ကျွန်တော်ခံစားနေရတဲ့ ၊ မိုက်ဂရိတ် လုပ်တဲ့အခါမှာ
ကြုံတွေ့ ရတဲ့ ပြဿနာ အချို့ ဆိုတာလေးတွေပဲ ရှိနေပါသေးတယ် ။ နောက်ထပ်
ဘယ်လို ၊ ဘယ်လောက် ပြဿနာ တွေ ကြုံရဦးမလဲ ဆိုတာကို မသိရသေးရိုးအမှန်
ပါ ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်က မြန်မာတွေ ဖြစ်ဖြစ် ၊ တခြား အာရှနိုင်ငံတွေ က
မြန်မာ တွေပဲ ဖြစ်ဖြစ် အနောက်နိုင်ငံတွေကို မိုက်ဂရိတ်လုပ်တဲ့အခါမှာ ကြိုပြီး တွေးတော
စဉ်းစားထား လို့ ရအောင် ရီကွန်မန်း လုပ်တဲ့သဘောပါပဲ ။ အမေရိကားမဟုတ်လို့ တခြား
သြစတြေးလျ ၊ အင်္ဂလန် ၊ ဂျာမနီ အစရှိတဲ့ နိုင်ငံတွေမှာလည်း ကိုယ်ကြိုမသိနိုင်တဲ့
ပြဿနာ ပေါင်း သောင်းခြောက်ထောင် မက ရှိနိုင်မှာပါပဲ ။ ကျွန်တော် သိသမျှ
ကြုံရသမျှ ဝေမျှတာကို ဖတ်ရှူပေးတဲ့အတွက် ကျေးဇူးအထူးပါ ။

လေးစားလျက်

သူကြီး