Saturday, May 17, 2008

သိပ္ပံခေတ် များ လိုက်ကြမလား

ကျွန်တော်တို့ သည် ယခုလက်ရှိအခါ ၌ တိုးတက်ဖွံ့ ဖြိုးပြီး ဟု သတ်မှတ်ခံ
ရသည့်  စင်ကာပူကျွန်းမှာ ခေတ္တနေထိုင်နေကြပါသည်။ တိုးတက်ပြီး နိုင်ငံ
ဆိုတော့ အစစအရာရာ အဆင်ပြေသည်ဟုပဲ ဆိုကြပါစို့ ရဲ့ ။ လျှပ်စစ်ကို
အဓိက အားထားပြီး လုပ်ကိုင်ရသည့်  အဝတ်လျှော်စက်၊ မီးပူ ၊ရေခဲသေတ္တာ ၊
ကွန်ပျူတာ ၊ ပရင်တာ ၊စကန်နာ ၊ ဟန်းဖုန်း စသည် စသည်များဖြင့် ရှုပ်ရှက်
ခတ်နေ ကြပါသည်။ အမှန်တကယ်လည်း ထိုပစ္စည်း များ မှာ ဇိမ်ခံ စရာ
မဟုတ်ပဲ မရှိမဖြစ် လိုအပ်သည့် လူသုံးကုန် အရာများသာ ဖြစ်ပါတော့သည် ။
နည်းပညာများကလည်း ကြောက်ခမန်းလိလိ တနေ့ တခြားဆိုသလို တိုးတက်
ကာ နေပါသည်။ ယခင်က ဟန်းဖုန်းကို မက်ဆေ့ခ်ျ ပို့ ရုံ ၊ ကာလာ ဒစ်စ်ပလေး
မြင်ရုံမျှ နှင့် ဟုတ်လှပြီ ထင်ခဲ့ရတာ အခုတော့ အမ်ပီသရီးရော ၊ အော်ဂနိုက်ဇာ
ရော ၊ ဓာတ်ပုံ ရိုက်ရန် သရီး မီဂါပစ်ဆယ် နှင့် စသည်စသည် များက အက်ဒက်
ဗယ်လျူး ဆားဗစ် များ အဖြစ် ဝင်ရောက်ထိုးဖောက်လျက် ရှိကြပါသည် ။ ထိုအခါ
ယခင် တယ်လီဖုန်း အဟောင်း များခမျာ မြောင်းထဲ ရောက်ရရှာပါတော့သည် ။ ဒီလို
ဟန်းဖုန်း အဟောင်းများသာ မကပဲ တခြား ပီစီအဟောင်း ၊ ရေခဲသေတ္တာ အဟောင်း ၊
စကန်နာ အဟောင်း စသဖြင့်ပေါ့ ဗျာ ။

Starhub ၊ Singtel ၊ M1 စသည့် တယ်လီဖုန်းလိုင်း ကုမ္ပဏီ များ ခမျာလည်း အနားမနေ
ရပဲ အားကြိုးမာန်တက် ၂ နှစ်စာချုပ် ၊ ၃ နှစ်စာချုပ် စသဖြင့် စားသုံးသူများ
ဖောက်သည် များကို ဆွဲဆောင်ကြပါသည် ။ နောင်နှစ် အနည်းငယ် အတွင်းတွင် လွန်စွာ
တိုးတက်လာကာ အရာရာ မြင်သမျှ တက်ကနိုလော်ဂျီ များသာ ဖြစ်လာပေတော့မည် ။
ကောင်းပေစွ ။ ထိုအခါ ဟန်းဖုန်းကို ၂ နှစ် စာချုပ် မဟုတ်ပဲ နှစ် ၆၀ ဂရန် စာချုပ် ၊
အဘိုးလက်ထက်က အစ သားမြေး တီတွတ် ကျွတ်ဆက် အထိ သုံးစွဲရန် ဆွေခုနှစ်ဆက်
စာချုပ် ဆိုသလို နည်းလမ်း အသစ်များ ပေါ်ပေါက်လာ ပေမည် ဟု လည်း မှတ်ထင်မိ
ပါသည်။

ကျွန်ုပ် အထင်ဆိုရလျှင် သိပ္ပံခေတ်ဆိုသည်မှာ ထိုသို့ တက်ကနိုလော်ဂျီ မြင့်လာရုံမျှနှင့်
ပြည့်စုံလှသည် မဟုတ်ပါ ။ ပျော့ကွက် ဟာကွက်များ အနည်းငယ်မျှ ရှိနေပါသေးသည် ။
အခြေခံကျသည့်  အလုပ်များကို လူက လုပ်နေရသရွေ့  သိပ္ပံခေတ် ရောက်ပြီဟု ပြီးစလွယ်
မကြွေးကြော်စေလိုပါ ။ အဘယ်ကြောင့်နည်း ။ ရှင်းပါမည် ။

ဥပမာ လူသည် သမိုင်းဦးဘုံမြေခေတ် မှသည် ယခုခေတ်အထိ အလုပ်များ
ကို ပင်ပန်းဆင်းရဲကြီးစွာ လုပ်နေရသည် ။ အဲဒါ သိပ်ကို ဆိုးရွားလွန်းလှ ပါသည် ။
ရုံးမှာ အလုပ်လုပ်သူများ ခမျာလည်း ဟိုဘော့စ် ကိုကြည့်ရ ၊ ဒီဘော့စ် ကို ကြည့်ရ နှင့်
ကြားမညပ်အောင် နေ နေကြရပါသည် ။ ကိုယ်တိုင် ဘော့စ် ဖြစ်တော့လည်း လက်အောက်
ငယ်သား များ ချောက်ချမလားဟု တွေးပူနေရသည် မှာ ကျေးပိုင်ကျွန်ပိုင် ခေတ်ထက်
ကို ဆိုးလှသည် ။

ရုံးကို တပတ် ၅ ရက် ၆ ရက် တက်မည့်အစား တလမှ တခါ ဆိုသလို အစည်းအဝေး
လို ပုံစံမျိုး သွားတက်ရလျှင် ထိုသတ်မှတ်ချက်သည် သိပ္ပံခေတ်၏ အခြေခံ လိုအပ်ချက်
ဖြစ်ပါသည် ။ မနက်ကို အစောကြီး ၇ နာရီလောက် ထစရာ မလိုတော့ပဲ ကျေးငှက်
သာရကာ လေးများ အစာရှာဖွေချိန် ဖြစ်သည့် ၁၁ နာရီ လောက်မှ နိုးထခဲ့လျှင် သိပ်ကို
ကောင်းပါသည် ။ အဲဒီတော့ ရထားတွေ ကားတွေလည်း ယခုလို ငါးပိသိပ် ငါးချဉ်သိပ်
မဟုတ် တော့ပဲ လူတိုင်း၏ မျက်နှာများလည်း ပြုံးချို လာချိမ့်မည် ။ ပြီးတော့ လစဉ် ၂၆
ရက်နေ့ ရောက်လေတိုင်း ဘဏ်ထဲကို လစာ အဖြစ် တလ ခြောက်ထောင်ခန့် ဝင်နေမည်
ဆို လျှင် ပိုကောင်းပါမည် ။ လူတန်းစား တိုက်ပွဲကို တိုက်ဖျက်ရန် အတွက် အောက်ခြေ
အနိမ့်ဆုံးကို ဒေါ်လာ လေးထောင် ခန့် ပေးလိုက်နိုင်လျှင် ထို လူတန်းစား တိုက်ပွဲဆိုသည်
ကြီး ရှိတော့မှာ မဟုတ်ချေပါ ။

ပြီးတော့ ယခုလို NTUC ၊ Shop N Save ၊ Shing Song စသည့်နေရာ များမှာ တန်းစီ
ဈေးဝယ် နေမည့်အစား အိမ်ကနေ ၍ ၄င်း ဝက်ဘ်ဆိုဒ် ထဲမှာ ကြိုက်ရာ အသားငါး
ဟင်းသီးဟင်းရွက် သစ်သီး နွားနို့  ဆန် ဆီ ဆိုသလို ကလစ် ပြီး အိမ်တိုင်ရာရောက်
လာပို့ ကာ လစဉ် အရစ်ကျ ငွေချေ စနစ်ဖြင့် ရှင်းရသော် ကောင်းလေစွတကား ။
လူသားအရင်းအမြစ်ကို ချွေတာနည်း မဟုတ်ပါလား ။ ဈေးသွား တန်းစီ ကျွတ်ကျွတ်
အိတ်ဆွဲ မလုပ်ချင်လို့ မဟုတ်ရချေပါ ။

သိပ္ပံခေတ် တွင် ကျောင်းသားကျောင်းသူ များလည်း လက်တွေ့ ချိန်မှ အပ ကျောင်းသွား
တက်စရာ မလိုပဲ အိမ်ရှိ ကွန်ပျူတာမှ တဆင့် လက်ချာ ကျူတိုရီယယ်လ် များကို လေ့လာ
ခွင့် ရမည့်အပြင် မေးခွန်းများ အဖြေများကိုလည်း တိုက်ရိုက်မေး တိုက်ရိုက်ဖြေ ကြသည့်
အဆင့်မြင့် သခင် ပညာရေး ဖြစ်သွားပေမည် ။

လယ်ယာလုပ်သားများ ကောက်ပဲသီးနှံ စိုက်ပျိုးသူများ သည်လည်း ကိုယ်တိုင်
လယ်ထဲဆင်း စပါးစိုက် ပဲစိုက် လုပ်စရာမလိုတော့ပဲ ဆန်း စစ်စတမ် မှ တာဝန်ယူ
ထုတ်လုပ်သည့် နေရောင်ခြည်သုံး အလိုအလျောက် ထွန်ယက် စိုက်ပျိုး ရိတ်သိမ်း
ပေးမည့် စက်များ ပေါ်လာကာ အားလုံး အော်တို ပြီးလိမ့်မည် ။ ကျွဲ နွား တိရ စ္ဆာန်
များ လွန်စွာ အနားရပေအံ့ ။ ထိုအခါ ဆန်ဈေးများ သည် ယခုလို ခုန်ပျံကျော်လွှား
သိုင်းသမား မဟုတ်တော့ပဲ ၅ ကီလို တစ်အိတ်လျှင် ၁ ဒေါ်လာ မျှသာ ရှိပေတော့
မည် တကား ။

ဟော ပြီးတော့ရော ။ အိမ်မှာ အဝတ်လျှော် ချက်ပြုတ် မီးပူတိုက် ကလေးထိန်း ရသည်
မှာ လွန်စွာမှကို လက်ဝင်လှပါသည် ။ ထိုသို့ အောက်ခြေသိမ်း အလုပ်များကို ကူညီ
ဖြေရှင်းပေးရန် မိုက်ခရိုဆော့ဖ် သည် ဖန်ရှင် မျိုးစုံ ပါဝင်သည့် အလိုအလျောက်
အောက်ခြေသိမ်းစက် တစ်မျိုး တီထွင်ကာ ဈေးကွက်အတွင်းသို့  လူတန်းစားအားလုံး
လက်လှမ်းမှီသည့်  ဈေးဖြင့် ဖြန့် ဖြူးပေးသင့်ပါသည် ။ မိခင်များ ကလေးများ ဘိုးဘွားများ
လွန်စွာ သက်သာသွားမည့်  လူသားအကျိုးဆောင် အစီအစဉ် တခုဖြစ်ပါသည် ။

ဥပမာ ငါးဟင်းဆီပြန် ချက်မည် ဆိုပါစို့ ။ ကြက်သွန်ခွာ ၊ ဂျင်းထောင်း ၊ ငါးအကြေးခွံ ဖယ် ၊
ခုတ်ထစ် ၊ ဆီသတ် စသည်များကို လူက လုပ်စရာမလိုပဲ အလိုအလျောက် စက်မှနေ ၍
ပရိုဂရမ် ဖြင့် တွက်ချက်ကာ သူ့ ဘာသာ ကြက်သွန်လှီး ၊ ဂျင်းထည့် ၊ ငါး အကြေးခွံ နှင့်
အရိုးများ ဖယ်ထုတ် ၊ ဆီသတ် ငံပြာရည်ထဲ့ ဆိုသလို လုပ်ပေးနိုင်လျှင် သိပ္ပံခေတ် ၏
ရောင်ခြည်ဦး သန်းလာချေပြီ ဟု သတ်မှတ်နိုင်ပါ တော့မည် ။

ပြန့် ကျဲနေသည့် အဝတ်များကို လူက ရွေးချယ်ပြီး လျှော်စက်ထဲ ထည့်မည့်အစား စက်က
အလိုအလျောက် ထည့်သွင်းလျှော်ဖွပ်ပေး ၊ အဝတ်တွေ သွေ့ ခြောက်သွားသည် နှင့်
တပြိုင်နက် အလိုအလျောက် သိမ်းဆည်းပေး ၊ မီးပူတိုက်စက် က တိုက်ပေးခေါက်ပေး
ကာ ဗီရိုထဲ ထည့်ပေးနိုင်ခြင်းသည် အခြေခံ လိုအပ်ချက် များထဲမှ တခုဖြစ်ပါသည် ။

ကလေးတွေအတွက် ရော ။ မကျန်စေရပါ ။ အနှီးလဲခြင်း ၊ ရေချိုးပေးခြင်း ၊ နို့ ဘူး
ဖျော်ပေးခြင်း များကို စက်မှတဆင့် အားလုံး တာဝန်ယူ လုပ်ဆောင်သွားပေး ပါလိမ့်မည် ။
ထိုအခါ အိမ်ဖော် လူတန်းစား ဆိုတာသည်လည်း ပပျောက်သွားကာ လောကကြီး ပိုမို
သာယာပေလိမ့်မည် ။ ကိုင်း ….မကောင်းလား ။ မိတ်ဆွေတို့ …. ပျင်းတာ မဟုတ်ပဲ
ဖြစ်သင့်တာလေးကို ဆွေးနွေးကြည့်တာပါ ။

မိတ်ဆွေက အိမ်ပြောင်းမည် ဆိုပါစို့ ။ မိမိက အထုပ်ပိုက် ပြောင်းစရာ မလိုတော့ပဲ အလို
အလျောက် စက် က သူ့ ဘာသာ လိုက်လံသိမ်းဆည်းပေးကာ အိမ်အသစ် ၌ မိမိ နှစ်သက်
ရာ ပုံစံဖြင့် နေသားတကျ လုပ်ပေးနိုင်လျှင် ဂွတ်ဒ် ပေစွ ။ ပရိဘောဂ များ ၊လေအေးပေးစက်
များကို လိုချင်သည့် လေးအောက် ပုံစံ နှိပ်လိုက်ရုံဖြင့် အော်တို ပြီးစီး သွားပေလိမ့် မည် ။
မိမိက စာအုပ်ဖတ်မပျက် ခန့် ခန့် ကြီး နေနိုင်ပေမည့် အပြင် ချစ်ဇနီးချောကြီး၏ အပြင်းစား
သတ္တုသံ များကိုလည်း ကြားရတော့မည် မဟုတ်ပါ ။

လုပ်ငန်းရှင် ဆိုရင်လည်း ဆိုင်မှာ တနေကုန် တနေခန်း ထိုင်နေစရာ မလိုပဲ မိမိ ကိုယ်ပိုင်
ဝက်ဘ်ဆိုဒ် မှ တဆင့် စားသုံးသူများထံ အရောက်ပို့ ပေး နိုင်လျှင် ထိုမျှ ပင်ပန်းမည်
မဟုတ်ပါ ။

အိမ်ရှင်မများ သည်လည်း အောချတ် စီးတီးဟောလ် များသို့  ခြေတိုအောင် သွားစရာ
မလိုပဲ အိမ်ဧည့်ခန်းရှိ ကွန်ပျူတာမှ တဆင့် ရှော့ပင်း ထွက်နိုင်လာ ပေတော့မည် ။
မွစာကြဲ နေသော အပုံကိုမှ ဖွချင်သူတွေ အတွက်လည်း စီစဉ်ပေးထား ဦးမှာဗျား ။ ရန်ကုန်
မှ လာသော အစ်မများ ညီမများ အတွက် တကူးတက လိုက်ပို့ စရာ မလိုလောက်အောင်
သက်သာလှ ချေမည် ။

အဲသလောက် ဖြစ်လာနိုင်မည် ဆိုလျှင် မဆိုးလှချေပါ ။ ထိုအခါ ပန်းချီ ဆရာ များလည်း
အနုပညာ မြောက်လှသည့်  ပန်းချီကားများကို ပိုမိုထုတ်လုပ် နိုင်ပေလိမ့်မည် ။ စာရေး
ဆရာ များသည်လည်း အနှစ်သာရ ပြည့်ဝသည့် စာပေရတနာ များကို ရေးသားသီကုံး
နိုင်ပါမည် ။ တေးသီချင်း သီဆိုသူ များလည်း တေးသီချင်းများစွာ ဟစ်ကြွေးလာချေမည် ။
အနုပညာရှင်များ ထွန်းကားလာကာ လောကကြီး လွန်စွာမှကို သာယာ လာ ပေလိမ့်မည် ။
လင်မယား များသည်လည်း တစ်ယောက်နှင့် တစ်ယောက် ပိုမို အမြင်ကြည်လင် လာပြီး
သားသမီး ရတနာ များ အားရပါးရ ပွားစီးနိုင်ပေတော့မည် ။ ဟော…………….. ကောင်းမှ
ကောင်းပဲ သိပ္ပံခေတ်ရေ ။

No comments: