Wednesday, March 12, 2008

အစာမကြေခြင်း (၁)

မကြာသေးသောကာလတစ်ခုဆီက ကျွန်တော်၏ သူငယ်ချင်း
ကိုရာဇာကျော်ကသူ၏ဘလော့ဂ်ထဲတွင် ကျွန်တော့်အား
ကလေးကပေးတာကို မယူတတ်ကောင်းလားဟု
4Dပတ်လည် မထိုးဖြစ်သည်ကိုကရုဏာဒေါသောဖြင့် အပြစ်တင်ဖူးပါ၏။
မှန်ပါသည်။ အဘယ်အမျိုးကောင်းသားသည် ကိုယ်၏ ချစ်သူငယ်ချင်း
စီးပွား ကြီးထွားနေသည်ကို မမြင်ချင်ရှိပါအံ့နည်း ။ ဒါကြောင့်လည်း
စေတနာဖြင့် ပြောရှာခြင်းပေါ့ ။

သို့ သော်ကျွန်တော်က 4D နဲ့  Toto မထိုးဖြစ် ။ မထိုးတတ်လို့  မဟုတ် ။
တန်းစီရမည်ကို ကြောက်လှသည်။သိတဲ့အတိုင်းပါပဲ စင်ကာပူမှာက
ဘာလုပ်လုပ်တန်းစီရသည်။ဘဏ်သွားလည်းတန်းစီ ၊ BILLS ပေးလည်း
တန်းစီ ၊ဝယ်စရာရှိလည်း တန်းစီ ၊နေ့ လည်စာညနေစာစားလည်း
တန်းစီ၊ ယုတ်စွအဆုံး အိမ်သာဝင်လည်း တန်းစီ။ဟုတ်ကဲ့ တန်းစီတိုးစားခြင်း
အနုပညာဖြစ်ထွန်းလှသည်ပေါ့။ ကျွန်ုပ်မှာ အသွေးအသားရိုးတွင်းချဉ်ဆီ
ထဲမှပင်တန်းစီခြင်းကိုရွံရှာမုန်းတီးမိပါ၏။ဖြစ်လေရာဘဝမှာတန်းစီခြင်းအမှုကို
မပြုရပါလို၏ဟုလည်းဗုဒ္ဓဘုရားရှေ့ မှောက်မှာ ဆုတောင်း ပန်ဆင်ရသည်မှာ
အလီလီအခါခါ ။

တကယ်ဆို လူရိုးလူအေးကျွန်တော့်အနေဖြင့် အများကြီးမတွေးတတ်။
အောင်ဘာလေထီနှင့်ဆင်ဆင်တူလှသည့် BIG SWEEP သည်
တလတခါဖွင့်ပါသည်။ ထီတစ်စောင်လျှင် S$3 သာပေးရပါ၏ ။
ကျွန်တော့်သဘောသာဆိုပါက တစ်စောင်တိတိဝယ်မည်။ လကုန်ပြီး
ထီဖွင့်သော်ကျွန်တော်ထိုးသည့်ထီလက်မှတ်ကပထမဆုဒေါ်လာနှစ်သန်းကွက်တိ။
တချက်တည်းကျင်းဝင် ဆိုသလို မကောင်းပေဘူးလား။
စင်ကာပူအစိုးရလည်းပျော်၊ကျွန်တော်လည်းအကျိုးရှိ ၊အလုပ်လည်းမရှုပ်တော့။
သူတို့ သတင်းစာတွေထဲမှာ လည်းတခမ်းတနား“ဆိုရှယ်ဟါမိုနီ၏ကောင်းကျိုးကြောင့်
မြန်မာနိုင်ငံသားတစ်ဦးထီပေါက်” စသည်ဖြင့်ပေါ်လစီ ရေးကွက်တွေပါဦးမည်။

ဒေါ်လာနှစ်သန်းပေါက်ခဲ့သော်တသက်လုံးဘာအလုပ်ကိုမှမလုပ်ပဲ ပေါ်ကြော့
ထိုင်စားလိုက်မည်ဟူသောအကြံဖြင့် တစ်လတစ်စောင်ထိုးပါသော်လည်း
ကံကြမ္မာဒိုင်လူကြီးသည်ကျွန်တော့်ဘက်မှဝီစီမမှုတ်ပေးသေးပါ ။ကြည့်ရတာ
ရွှေမြန်မာတွေက အဝေးကွင်းကစားရသည်ထင့်။ နောက်ထပ်ရည်ရွယ်ချက်က
ကုန်ဈေးနှုန်းတက်ခြင်းမှကာကွယ်ဖို့ ။ စင်ကာပူမှာလည်းဈေးတွေတက်လာပြီလေ။
လွန်ခဲ့သော ၂ ပတ်ကပင် ၉၀၀ ဂရမ် SIMILAC တစ်ဘူး S$33.90 မှ
ရုပ်သံမင်းသမီး ZOE TAY နှင့်ကြေငြာပြီးသကာလ ဝုန်းဆို S$36.20 အထိ
ခုန်တက်သွားပါ၏ ။သြော်..... ကြေငြာခြင်းအနုပညာတယ်စွမ်းသကိုး။
“ကောင်းရဲ့လားသူကြီးရဲ့”ဟုအမေးရှိခဲ့သော်“ကောင်းပါတယ်SIMILACရဲ့”ဟု
ဖြေလိုက်ရုံသာ။ တကယ်တော့မေးရန်မလိုပါ ၊ကောင်းလို့ သာ
ဝယ်လိုက်ရသည်မဟုတ်ပါလား။ ။

ဟုတ်ကဲ့ ။ ခံစားရတာလေးတွေချရေးပြခြင်းပါ ။ ကြုံသလို
စင်ကာပူအကြောင်းကွန့် ပါဦးမယ် ။

No comments: