Wednesday, April 9, 2008

မြန်မာလို မပြောကြေး

ဘာသာပြန် တစ်နည်းအားဖြင့် စကားပြန်တစ်ဦး အလိုရှိနေရှာသတဲ့ ဟူသော
သတင်းစကားကို ခပ်သဲ့သဲ့လေး ကျွန်ုပ်ကြားခဲ့မိသည်မှာ လေးငါးခြောက်ရက်
မျှသာ ရှိသေးပါ၏ ။နောက် ဘာမှမကြာလိုက် ။ သပွတ်အူ ရွာလယ်ပိုင်းဆီဝယ်
ဘလက်ဘုတ် ခေါ် မည်းသော အပြားကြီးကို ထောင်လျက် သို့ ကလို ကြော်ငြာ
ဘိချေသည်။

“ ချက်ချင်း လက်ငင်းလိုသည် ”
အင်္ဂလိပ် မြန်မာ နှစ်ဘာသာ အပြန်ပြန် အလှန်လှန် စကားပြန်ဆို ဖလှယ်နိုင်သူ
တစ်ဦးလိုအပ်နေသည် ။ သမီးငယ်လေးအတွက် ကူညီနိုင်သူ လစာငွေ
ကြိုက်သလောက်ယူ။
ပုံ
လောကဓံ ထိုက်ထိုက်
ဟူသတည်း ။

လောကဓံ ထိုက်ထိုက် ဟူသည်ကား သပွတ်အူဒေသထွက် အားတစ်စ် ခေါ် အနုပညာ
သမားကလေးတစ်ဦး ဖြစ်ပါ၏ ။ရောင်းလမ်း ဝယ်လမ်း ၌ စီးပွားပန်း အလွန်တရာ ပွင့်လန်း
သူ ဖြစ်သည်သာမက ဝတ္ထု ကဗျာ အနုပညာပိုင်း ဆိုင်ရာတွင်လည်း တက်ကြွ လှုပ်ရှားသူ
တစ်ဦးပါပေ ။ အနှီ လောကဓံ ထိုက်ထိုက် ရုတ်ချည်းဆိုသလို မိန်းကလေးတစ်ဦး နှင့်
လက်ဆက်သွားခဲ့ပုံ၊ သမီးကလေးတစ်ယောက် မွေးဖွားလာခဲ့ပုံ ၊ အနှီ သမီးငယ်လေးကို
ပီဘိပေါက်စန ကလေးဘဝကပင်လျှင် မြို့ ကြီးရန်ကုန် အင်္ဂလိပ် စကူးလ် များ ၌ ထားရှိခဲ့ပုံ
စသည် စသည်တို့ ကို ကျွန်ုပ်က သိရှိပြီးဖြစ်ပါ၏ ။ အင်္ဂလိပ်စာ အင်္ဂလိပ်စကား ဖွံ့ ထွားစေရန်
အလို့ ငှာ ရင်ခွင်ပိုက် အင်္ဂလိပ် စကူးလ်၊ ပရီ စကူးလ် ၊၄င်းနောက် Level I, II, III စသဖြင့်
အဆင့်ဆင့်ထား ၍ လာခဲ့ရာ အားလုံးနှင်နှင် မြန်မာလိုမပြောရ ဟူသော ကျောင်းများချည်း
သာ ဖြစ်ဘိမူသောကြောင့် လောကဓံ ထိုက်ထိုက်၏ သမီးငယ်လေးမှာ မြန်မာလိုပြောခွင့်
မသာခဲ့ရှာပေ။ ကြာသော် မြန်မာလိုပြောမည်ကြံတိုင်း မျက်လုံးကလေး ကလယ်ကလယ်နှင့်
အ ထစ် အ ထစ်ဖြစ် ၍နေရှာရာ အင်္ဂလိပ်လိုပြောမှ ချောကနဲ ဘဝသို့ ရောက်တော်မူရှာသည်
ဆိုပါ၏ ။ယခုမူ အားလပ်ရက်လေး ရှည်ရှည်လျားလျားရခိုက် မရောက်တာကြာပြီဖြစ်သော
သပွတ်အူသို့ ခေတ္တခဏ ခေါ်အလာတွင် မြန်မာလိုမပြောတတ်သည် ဖြစ်ဘိမူ၍ ဘာသာပြန်
တစ်နည်း စကားပြန် တစ်ဦးကို အမြန်ရှာဖွေခေါ်ယူခြင်းပင် ဖြစ်ပါတော့ချေသည် တမုံ့ ။

အင်္ဂလိပ် စာတတ် မရှိသလောက်ရှားသော သပွတ်အူဝယ် နောက်ဆုံး ၌ ကျွန်ုပ်ကို လာရောက်
၍ အကူအညီတောင်းသည်ကြောင့် ငွေကလေးကြေးကလေး အနည်းငယ်မျှ သုံးသော်လည်း
သုံးရစေတော့ဟု ဆိုကာ အနှီဘာသာပြန်ဆိုမှုအလုပ်ကို ဆရာကြီးဂျက်ကွမ်းခြံကုန်း ကိုယ်တိုင်
လက်ခံလိုက်ရပေတော့သည်တကား။

ထိုနေ့ က သပွတ်အူကျေးရွာ ယာယီဈေးတန်းကလေးဝယ် လောကဓံ ထိုက်ထိုက်တို့ မိသားစု
မုန့် ဟင်းခါး စားနေကြ၏ ။ငါးနိုင်နိုင်နှင့်ချက်ထားသော မုန့် ဟင်းခါးကို အနှီ သမီးကလေးက
ကြိုက်ဟန်တူ၏ ။ ဤ တွင်

“ Some more, please ” ဟူ၏ ။
ကျွန်ုပ်က ဆမ်းမိုး ပလိစ် ဆိုတာ ကျေးဇူးပြုပြီး နောက်ထပ်တစ်ပွဲလို့  တောင်းဆိုတာ
ဟူ ၍ ရှင်းပြလိုက်မှ မုန့် ဟင်းခါး တစ်ပွဲ ထပ်မံရောက်ရှိ လာချေ၏ ။စား ၍ပြီးသည်
ရှိသော် သမီးငယ်က
“ Could I have some water, please ” ဟူပြန်၏ ။
ကျွန်ုပ်က ကွဒ်အိုင်ဟက်ဗ် ဆမ်းဝါးတား ပလိစ် ဆိုတာ ကျေးဇူးပြုပြီး သောက်ရေ ရ
မလားတောင်းဆိုတာ ဟု ဘာသာပြန်ဆိုပါမှ ရေသောက်ရသောဟူ၏ ။
အနို့ နှင့် မုန့် ဟင်းခါးဆိုင်မှ အထွက်ဝယ် တောလက်ဖက်ရည်ဆိုင် ကလေးထဲသို့ 
ဝင်ကြပြန်၏ ။
“ Tea with cream, please ”
“ လက်ဖက်ရည်ကို မလိုင်နဲ့ ကျေးဇူးပြုပါ ”

ကျွန်ုပ်ကား ချက်ခြင်းဆိုသလို ဘာသာပြန်ဆိုပေးခဲ့ရာ လက်ဖက်ရည်ဆိုင်ထဲတွင်
လည်း အတော့်ကိုအဆင်ပြေ ၍နေပါ၏ ။ သပွတ်အူသူ၊ သပွတ်အူသားတို့ သည်ကား
မြန်မာလိုမပြောတတ်တော့သည့် လောကဓံထိုက်ထိုက်၏ သမီးငယ်လေးကို
ဝိုင်းအုံကြည့်ကာ သဘောအကျကြီးကျကာ နေတော့ပေချေ၏ ။ သပွတ်အူသားတို့ 
ကား သမီးကလေးနာမည် မည်သူနည်းဟု ကျွန်ုပ်ကို မေးခိုင်းချေ၏ ။

“ ယော် နိမ်း ပလိစ် , Your Name Please! ”
“ I am Rose ”
“ နှင်းဆီ တဲ့ဗျ ”
အသက်ကိုမေးခိုင်း၏ ။
“ NINE ”
“ ကိုးနှစ် တဲ့ ဗျာ ”
အဖေကို မေးခိုင်း၏ ။
“ Who is your Father ? ”
“My Father is လောကဓံထိုက်ထိုက် ”
သပွတ်အူမှာ ပျော်သလားမေးခိုင်း ၏ ။
“Are you happy in သပွတ်အူ ? ”
“ Not so bad ”
“သိပ်မဆိုးပါဘူး တဲ့ ဗျ ။”

လောကဓံထိုက်ထိုက်၏ သမီး မြန်မာစကားမပြောတတ် ဟူသော သတင်းသည်
သပွတ်အူကျေးရွာကို လွန်ကာ ရွာနီးချုပ်စပ်များသို့ ပါ ရောက်ရှိ ၍သွားတော့ရာ
မြန်မာလိုပြောနေသော ကလေးတို့ သည် အားငယ်ကြကုန်၏ ။ တတ်နိုင်သော
မိဘတို့ ကလည်း လောကဓံထိုက်ထိုက်နှယ် သားသမီးတို့ ကို ပညာသင်ပေးရန်
အားခဲကြကုန်၏ ။ နောင် အနာဂတ် ၌ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ စကားပြန်
လုပ်ငန်းများ သပွတ်အူ မှာ ဖွံ့ ထွားလာမည်မှာ မလွဲဧကန် မုချပါပေကား တမုံ့ ။

ဂျက်ကွမ်းခြံကုန်း

1 comment:

Ko Boyz said...

သူကြီးက ဂျက်ကွမ်းခြံကုန်းလား။
မောင်သာချိုက ဂျက်ကွမ်းခြံကုန်းလား။
သူကြီးက မောင်သာချိုလား...။
မြင်းမပါပဲ လားပေါင်းများစွာဖြင့်...။