Monday, April 14, 2008

အရောင်း အနုပညာ နှင့် Terms & Conditions Apply

အထက်ပါ ဘိလပ် စကားလုံးသည်ကား ကျွန်တော် လွန်စွာမှ မုန်းသော စကားလုံး
သာလျှင် ဖြစ်ပါတော့ သည်။ ဘယ်သွားသွား၊ဘယ်လာလာ ရထားပေါ်၊ဘတ်စ်ကားပေါ်
ကြေငြာများ ၌ တွင်ကျယ်နေသော အရာသာ ဖြစ်ပါ၏ ။ ဘာကိုဝယ်ပြီးလျှင် ဘာကို
ဘယ်လောက်နဲ့ ရယူပါ၊ ဘယ် ဥစ္စာကြီးကို ဘယ်လောက်နှင့် ပေးနေပြီ ။ဘောင်းဘီတွေ
၈၀% အထိအထူးလျော့ဈေး၊ အမျိုးသမီးများ အတွက် သရက်သီးတံဆိပ် အင်္ကျီတွေ
၉၀% အထိ( ၂ ရက်တည်းသာ) ၊ (၂ ရက်ကျော်လျှင် စီးပွားပျက်မည်)
(သရက်သီးပိုင်ရှင် သတ်သေလိမ့်မည်) (မန်နေဂျာမကြီး တိုက်ပေါ်မှ ခုန်ချလိမ့်မည် )
စသဖြင့်စသဖြင့် ။ တကယ်လားဆိုတော့ လည်း မဟုတ်။ အထက်ပါ Terms & Conditions
ကို Apply လုပ်ရသေးသည်။ အဲဒါဆိုလည်း ဘာကိစ္စနှင့် ၈၀% တွေ၊ ၉၀% တွေ
လျှောက်အော် ကြေငြာနေသေးလဲ ။ ရှုပ်လိုက်တာ။ လွန်စွာကိစ္စ များလှချေသည်။
ဘာမှန်းကို မသိဘူး ။ ပြီးတော့ရှိသေးတယ်။ဘယ်လောက်ဖိုး အထိ ဝယ်ယူပြီးရင်
ဘယ်ဟာကို ဘယ်လောက်ထပ်ဝယ်၊ ဘယ်လိုသက်သာတာ ။ အဲသလို မျိုးတွေ။
ဆိုတော့ကာအဲဒီလို အထူးဈေးရောင်းပွဲများ၊ဘဏ်ခရက်ဒစ်ကတ် ပရိုမိုးရှင်းများ ၊
စာအုပ်ဆိုင်များ၊ ကော်ဖီဆိုင်များနေရာတကာ မှာ အထက်ပါစာလုံးကိုတွေ့ နေရ
ပါသည် ။ အရောင်း အနုပညာများ ပါပေ။ ထားပါ ။ ရောင်းတာဝယ်တာက
အဓိကမကျ ။ ကိုယ်ကြိုက်လျှင် ကိုယ်ဝယ် ၊ မကြိုက်ရင် ထားခဲ့ ရုံ ။
( မကြိုက်လို့ ထားခဲ့ကာမှ တချို့ နေရာများ ၌ ဆိုင်ရှင်နှင့် တုတ်ဆွဲဓားဆွဲ
ထသတ်မတတ် ရှင်းရသည့်  ကိစ္စ များ လည်း ရှိချေ၏ ။ )

ကျွန်တော်သည် ထို အထက်ပါ စကားလုံးကို ထဲထဲဝင်ဝင် ရှိလှသည် မဟုတ်ပါ ။
စိတ်လည်း မဝင်စားပါ ။ ဘဏ်မှာငွေအပ်လျှင် တနှစ် ၄ကျပ်တိုး ဆိုပါစို့ ။ တရာစုသော်
တစ်နှစ်ပြည့်လျှင် အတိုး ၄ကျပ် ရမည် ။ ဒီလောက်သာ ရိုးရိုးရှင်းရှင်း သိခဲ့ပါ၏ ။
တကယ့်တကယ် တမ်းကျတော့ ကိုယ် တွေးထား သလို မဟုတ်ပါပေ ။ ဘယ်ဟာက
ဘယ်လောက်၊ ဘာဝန်ဆောင်ခက ဘယ်လို။ သြော်….. ကောင်းလှ၏ ။ နောက်ထပ်ရှိသေး ။
ပစ္စည်း တခုကို ၅ကျပ် ၉၉ ပြား ၊ ၉ ကျပ် ၉၀ ပြား ၊ ၁၉ကျပ် ၉၀ပြား ၊ တီဗီတလုံး ကို
၄၉၉ ကျပ် စသည့်  ဟိုမရောက်ဒီမရောက် ဘာလုပ်ရမှန်းလဲ မသိသော ဈေးနှုန်းများဖြင့်
ရောင်းချကြပါ၏ ။ ၆ ကျပ်၊ ၁၀ ကျပ်၊ ၂၀ ကျပ်၊ ၅၀၀ ကျပ် စသဖြင့် ရောင်းလျှင်
ပိုမကောင်းပေ ဘူးလား။ ဘာမှလဲ ထူးသွားတာ မဟုတ်။ အချုပ်ဆိုရလျှင် ကိုယ်တွေကပဲ
တောကျနေလေ ပြီလားမသိ။

1 comment:

imaginary clouds no 2 said...

သမ်း အန် ကွန်ဒရှင်ဆိုတာ က ရုပ်ဆိုးတဲ့ သူဆို ကွန်ဒရှင် တစ် ။ ရုပ်ချောတဲ့သူဆို ကွန်ဒရှင် နှစ် ။ အဲမျိုးလား သူကြီး ။ အကြွေးဝယ်ရင် ဈေးသက်သာမယ် ။ လက်ငင်းငွေချေရင် သိပ်စိတ်ဆိုးတယ် ၊ ဈေးပိုကြီးမယ် ။ အပြုံးတော့ မပျက်ပါဘူး ။ ပြုံးခိုင်းထားတာကိုး။