Wednesday, April 16, 2008

ရက် ၁၀၀ ပြည့် ဆုတောင်း

မြန်မာသင်္ကြန် နှစ်ဆန်းတစ်ရက်၊ ဧပြီလ ၁ရ ရက် ဆိုရင် ကျွန်တော့် သားကလေး
လူ့ လောကထဲကို ရောက်တာ ရက်ပေါင်း ၁၀၀ ပြည့်ပါပြီ။ မြန်မာအယူအဆ နဲ့ 
ဆိုရင် ၊ဒါမှမဟုတ် မြန်မာပြည်မှာ ရှိနေကြတယ် ဆိုရင် ကျွန်တော်တို့ လင်မယား
ရယ် ၊ နှစ်ဖက်အဘိုးအဘွားတွေရယ် စုပြီး ခေါင်းဆေးမင်္ဂလာ ၊ အမည်ပေး
ကင်ပွန်းတပ် မင်္ဂလာ၊ အလှူတော်မင်္ဂလာ စသည်ဖြင့် လုပ်ပေးရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဘိုးအဘွားတွေက သူတို့  ကိစ္စဝိစ္စ တွေနဲ့ ဆိုတော့လဲ ကျွန်တော်တို့ 
ဘာမှ ထွေထွေထူးထူးမလုပ်ဖြစ်ကြပါ။ ရန်ကုန် ပြန်ရောက်မှပဲ အတိုးနဲ့ စုပြီး
လုပ်ရတော့မယ်။

သားရေ……….ငါ့သားဘဝမှာ သမ္မတကြီးဖြစ်ရမယ်၊ ဆရာဝန်ကြီးဖြစ်ရမယ် ၊
ဘာကြီးဖြစ်ရမယ် လို့ ဖေဖေ အတင်းအကျပ် ဆုမတောင်းပါ။ ဖေဖေတို့ တုန်း
ကလို အသက်မွေး ဝမ်းကျောင်းမှု မှာ ဝါသနာ ပါတာကို ရွေးခွင့်မရတဲ့ အပြင်
တခြားလည်း များများစားစား ရွေးချယ် စရာ မရှိပဲ စုစုပေါင်း သုံးခုလောက်ပဲ
ဈေးကွက်ဝင်တယ်လို့  အတင်းအဓမ္မ သတ်မှတ်ခြင်းခံရတဲ့  ခေတ်ကြီးလို
ငါ့ သားလေးကို မကြုံစေချင်တာ ဖေဖေ့ စေတနာပါ။ စားသုတ်သုတ် ၊
သွားသုတ်သုတ် ၊ဘာလုပ်လုပ် တက်သုတ်ရိုက် လုပ်ရတဲ့ ဘဝမျိုး မဟုတ်ပဲ
ငါ့ သားရဲ့  ဝါသနာ၊ ရည်ရွယ်ချက် နဲ့ ပျော် ရွှင်မှု ထပ်တူကျသော အလုပ်အကိုင်
တစ်ခုနဲ့  ပေါ့ပေါ့ပါးပါး ရပ်တည်နိုင်ပြီး လောက ကောင်းကျိုး သယ်ပိုးနိုင်တဲ့ 
လူတစ်ယောက် အဖြစ် ဘဝတသက်တာ အေးချမ်း သာယာ နိုင်ပါစေကွာ ။

ကျွန်တော် ဆိုးသမျှ စိတ်တိုသမျှ အနွံအတာ ခံတဲ့ ၊ သည်းခံတတ်တဲ့ ၊
ဟောဒီ သားလေးကို မွေးဖွားပေးတဲ့ ချစ်ဇနီိး လည်း ကိုယ့်လင်ယောက်ျားရဲ့ 
အရိပ်အာဝါသ အောက်မှာ တသက်လုံး အေးချမ်း နိုင်ပါစေလို့ ။

1 comment:

imaginary clouds no 2 said...

ကောင်းတယ်သူကြီး ။ သားအပေါ် သဘောထားတွေ ။